တာချီလိတ်ခရိုင်အတွင်း၌ ခုနှစ်ရက်သားသမီးများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပထမဦးဆုံး ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ၀ိသုံဂါမသိမ်တော်မြတ်ဖြစ်သည့် "သီရိမင်္ဂလာသာသနဟိတ ရတနာသိမ်တော်ကြီး"အား ထီးတော်တင် ရေစက်ချ အပ်နှံပွဲ အခမ်းအနားကို ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက် နံနက် (၉)နာရီအချိန်က စည်ကားစွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာပထမ သိမ်တော်မြတ်ကြီးအား ထီးတော်တင်သည့် အခမ်းအနား ကျင်းပရာတွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်ကြီးများ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူလာပြီးနောက် တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ နှင့် ခုနှစ်ရက်သားသမီး အလှူရှင်များမှ စိန်ဖူးတော်အား ကိုင်ဆောင်၍ သိမ်တော်အား (၃)ပတ်လှည့်လည်ပြီးနောက် ထီးတော်တင်ခြင်းကို ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များထံမှ တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အဆွေတော်မိသားစု နှင့် အလှူရှင်များ စသည်တို့မှ ပထမပိုင်း အစီအစဉ်အဖြစ် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြသည်။
ဆက်လက်၍ နေ့လည်(၁၂)နာရီအချိန်တွင် အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ မဟာဒ္ဓမ္ဓဇောတိကဓဇအား သိမ်တော်လွှဲပြောင်းခြင်း လက်မှတ်အား ဆက်ကပ်လှူဒါန်းတော်မူပြီး "သီရိမင်္ဂလာသာသနဟိတ ရတနာသိမ်တော်ကြီး" ဆောက်လုပ်နိုင်ရန်အတွက် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
တဆက်တည်းမှာပင် ပင့်ဖိတ်ထားကြသော ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြပြီးနောက် မိုးကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ၀ိဓူရထံမှ ခုနှစ်ရက်သားသမီးအလှူရှင်များက တရားတော်နာယူပြီး ရေစက်သွန်းချ၍ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ သိမ်တော်မြတ်ကြီးသည် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ၌ ရှိသော ဘ/ကကျောင်းတစ်ကျောင်းဖြစ်သည့် အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက်တွင် ဆောက်လုပ်ထားတာဖြစ်ပြီး ခုနှစ်ရက်သားသမီးများမှ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အဘိဓဇ အဂ္ဂမဟာဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိ Honorary Ph.D နှင့် ဆရာတော်ဘုရားကြီးများ၊ သံဃာတော်အရှင်သူမြတ်များအား အမှူးထား၍ အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ မဟာဒ္ဓမ္ဓဇောတိကဓဇအား ဦးထိပ်ပန်လျှက် ဗုဒ္ဓသာသနာ ပြန့်ပွားစေရန်အလို့ငှာ စုပေါင်း၍ လှူဒါန်းထားကြတာဖြစ်ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် သိမ်တော်ကြီးဖြစ်မြောက်ရန်အတွက် ပင်မအလှူရှင်များ အဖြစ် နှစ်ဖက်သော မိဘများဖြစ်ကြသော ဦးမောင်လေး(သုဓမ္မမဏိဇောတဓရ)+ ဒေါ်နန်းကျိန်၊ (ဦးအောင်ညွှန့်) + ဒေါ်မြင့်မြင့်လှိုင်(တောင်ကြီးမြို့)တို့အား အမှူးထား၍ ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်) နှင့် အဆွေတော်(၂၄)နာရီ အထူးကုဆေးခန်း မိသားစု၊ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို "ဟိန်းထက်အောင်"ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် မိသားစု နှင့် "ကျော်"ကုန်စည်ပို့ဆောင်ရေး မှ ဦးကျော်မြင့် + ဒေါ်နန်းစံဖူး မိသားစုတို့မှ အဓိက ပါဝင်လှူဒါန်းကြပြီး ခုနှစ်ရက်သားသမီးများအားလုံး စုပေါင်းပါဝင်ကုသိုလ်ယူ လှူဒါန်းမှုတို့ဖြင့် ဆောက်လုပ်လှူဒါန်းထားတာ ဖြစ်ကြောင်း သိရသည်။
"သီရိမင်္ဂလာသာသနဟိတ ရတနာသိမ်တော်ကြီး"အား ပြီးခဲ့သော ၂၀၁၂ခုနှစ် ဇန်န၀ါရီလ(၂၃)ရက်နေ့က သိမ်သမုတ်မင်္ဂလာဆင်ယင်ကျင်းပပြီး စတင်၍ တည်ဆောက်ခဲ့ရာ ၂၀၁၄ခုနှစ် ဇူလိုင်လထဲတွင် အောင်မြင်စွာပြီးမြောက်ခဲ့ခြင်းတို့အတွက် ယခုလို ရေစက်ချမင်္ဂလာအား ဆင်ယင်ကျင်းပ ပြုလုပ်နိုင်ခြင်းဖြစ်ပြီး သိမ်းတော်တည်ဆောက်ရန်အတွက် ဘတ်ငွေ (၄၄)သိန်းကျော် အလှူခံရရှိထားရာ လိုအပ်သည့် ငွေကြေးများကို အဆွေတော်မီနီမတ် (ရတနာစံအိမ်တော်) နှင့် အဆွေတော်(၂၄)နာရီ အထူးကုဆေးခန်း မှ ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး မိသားစုတို့မှ ဖြည့်စွက်လှူဒါန်းခဲ့ရာ ကုန်ကျမှု အစုစုမှာ ထိုင်းဘတ်ငွေ (၅၅)သိန်းကျော်ကြောင်း သိရှိရသည်။