လျှပ်စစ် မော်တော်ယာဉ်များနှင့် နိဗ္ဗာန်ယာဉ်များအား ၂၅ရက် တိတိ လိုင်စင်ပြုလုပ်ပေးတော့မည်

လျှပ်စစ် မော်တော်ယာဉ်များနှင့် နိဗ္ဗာန်ယာဉ်များအား ၂၅ရက် တိတိ လိုင်စင်ပြုလုပ်ပေးတော့မည်
ဇူလိုင် 5, 2014
By Tachileik News Agency

ပြီးခဲ့သော ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှစ၍ ဇူလိုင်လ(၄)ရက်နေ့အထိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို တရားဝင်ယာဉ်မှတ်ပုံတင်အဖြစ် လိုင်စင်ပြုလုပ်ခွင့်ကို ပေးခဲ့ပြီးနောက် ၂၀၁၄ခုနှစ် ဇူလိုင်လ(၇)ရက်နေ့မှစ၍ ဇူလိုင်လ(၃၁)ရက်နေ့အထိ (၂၅)ရက် တိတိ လျှပ်စစ်မော်တော်ယာဉ်များနှင့် နိဗ္ဗာန်ယာဉ်များအား တရားဝင်ယာဉ်မှတ်ပုံတင်အဖြစ် လိုင်စင်ပြုလုပ်ခွင့် ပြုတော့မှာ ဖြစ်ကြောင်း သတင်းရရှိသည်။

သတ်မှတ်ရက် (၂၅)ရက်တိတိ တရားဝင်ယာဉ်မှတ်ပုံတင်အဖြစ် လိုင်စင်ပြုလုပ်ခွင့်ပြုရာတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်များ၊ လျှပ်စစ် သုံးဘီးဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် နိဗ္ဗာန်ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်များအား မှတ်ပုံတင်ပေးရေးစီမံချက် ( One Stop Service )ကာလကို (၇.၇.၂၀၁၄ )မှ (၃၁.၇.၂၀၁၄)အဖြစ် သတ်မှတ်ထားရာ လျှပ်စစ်မော်တော်ဆိုင်ကယ်များ၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၏ အချက်အလက်များမှာ အထူးမလိုသော်လည်း နိဗ္ဗာန်ယာဉ်များအတွက် သတ်မှတ်ချက်များရှိရာ အဆိုပါ သတ်မှတ်ချက်များကို ကညနရုံးတွင် ကြော်ငြာထားရှိမှာ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်မှာ လိုင်စင်ပြုလုပ်လိုသူ၏ မှတ်ပုံတင် မိတ္တူ(၂)စောင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူ(၂)စောင် လိုအပ်မှာဖြစ်ပြီး အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ  ရပ်ကွက်ထောက်ခံစာ ပါရှိရမှာဖြစ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တဆင့် သိရသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~