ဇူလိုင်လရဲ့ ပထမဆုံးနေ့ရက်လေးမှာ မိုးတွေကလည်း တဖွဲဖွဲရွာနေလေရဲ့။ ဒီနေ့မှာပဲ ကျွန်မအတွက် အမှတ်ရနေမယ့် သနားစရာအဖြစ်အပျက်လေးတစ်ခုက ဆောင်းပါးရေးဖြစ်ခဲ့ရပြန်ပါတယ်။
နိဒါန်းအစပျိုးရရင်တော့ ဇွန်လပိုင်း ၁၅.၆.၂၀၁၄ နေ့လေးတစ်နေ့မှာ အစပျိုးရမှာပါ။ အသင်းသားတစ်ယောက် ကျွန်မဆီ ဖုန်းဆက်လာပါတယ်။ အန်တီ ဦးလေးကြီးတစ်ယောက် ခြေထောက်က လေတစ်ဖက်ဖြတ်နေပြီး ဦးခေါင်းမှာ သွေးတွေနဲ့ လဲနေတယ်။ သူဟာပိုင်ရှင်မဲ့တစ်ယောက် ဘယ်သူမှ ကြည့်မယ့်သူ မရှိဘူးလို့ ပြောလာပါတယ်။
ကျွန်မလည်း ကျန်းမာရေးတာဝန်ယူထားသူတွေနဲ့ ဆေးရုံပို့ပြီး ဆက်လုပ်စရာ၊ ကူညီစရာ ကူညီပေးဖို့ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ အသင်းဥက္ကဌ ဦးတင့်ဆွေ ကိုယ်တိုင်ကူညီပေးပြီး ဆေးရုံတက်ဆေးကုသပေးပြီး နေစရာမရှိလို့ အဲ့ဒီ ဦးလေးကြီးကို မြို့မသုသာန်ဇရပ်မှာ နေဖို့ ပို့ပေးခဲ့ပါတယ်။
ဆေးဝါးကုသမှုက ခေါင်းမှာချုပ်ရိုးတွေမို့ ဘယ်မှမသွားဖို့ ပြောပေမယ့် ဦးလေးကြီးက ချိုင်းထောက်ကလေးထောက်ပြီး မြို့အနှံ့ ခြေဆန့်လို့ နေပြန်ပါတယ်။ ဦးလေးကြီးရဲ့ အမည်က ဦးဘိုခင်ပါ။ ယခင် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းဘဝနဲ့ တစ်ယောက်တည်း ဘဝကို ဆွေမျိုးမရှိ ရင်ဆိုင်ရင်း ခင်မင်တဲ့သူ သနားတဲ့သူ ပေးကမ်းတဲ့ငွေတွေနဲ့ ဘဝကို ကျင်လည်ခဲ့ရပါတယ်။
လေဖြတ်ထားတဲ့ဒဏ်က ဦးနှောက်အာရုံကြောကို ထိခိုက်သွားတယ်ထင်ပါရဲ့။ ပြောသမျှကို သိပ်ပြီး မသိတော့ မမှတ်မိတော့ပါဘူး။ ဦးဘိုခင်ကို တချို့လူတွေက သနားလို့ မုန့်ဖိုးပေးကြတယ်။ ပိုက်ဆံတွေ နည်းနည်းများလာတာနဲ့ ဆေးသမားတွေက အနိုင်ကျင့် ရိုက်နှက်ပြီး လုကြပြန်ပါတယ်။ ပြန်ခုခံနိုင်တဲ့ အင်အားမရှိတဲ့ ဒီဒုက္ခိတ ဦးလေးကြီးကို ခဏခဏ ရိုက်နှက်ကြ၊ လုယက်ကြနဲ့ ဘာမှမသိတဲ့ အာရုံတွေအောက်မှာ သနားစရာပါပဲ။
ကျွန်မတို့အသင်း ဥက္ကဌ အကိုကြီး ဦးတင့်ဆွေကတော့ ဦးလေးကြီး စားဝတ်နေရေး အဆင်ပြေရဲ့လားလို့ အသင်းသားများနဲ့ မကြာခဏ သွားရောက်ကြည့်ရှုပြီး အားပေးကူညီ စောင့်ရှောက်ခဲ့ပါတယ်။ ဒီလိုနဲ့ (၇)ရက်ပြည့်လို့ ခေါင်းက ချုပ်ရိုးဖြည်ဖို့ ဦးဘိုခင်ကို သွားရှာခဲ့ပေမယ့် ဦးဘိုခင်ဟာ ချိုင်းထောက်တစ်ဖက်နဲ့ ခြေဦးတည့်ရာ လျှောက်သွားလို့ နေပါတယ်။ လျှောက်သွားနေတဲ့ ဦးဘိုခင်ကို အသင်းသားတချို့နဲ့ လိုက်ရှာပြီး ဇရပ်ကို ပြန်ခေါ်ဆောင်နေခိုင်းခဲ့ပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ (၁)ရက် (၂)ရက်လောက် အသင်းမှာ အလုပ်တွေများတာနဲ့ သွားမကြည့်ဖြစ်ခဲ့ပါဘူး။
မှတ်မှတ်ရရ ဂျူလိုင်လ (၁) ရက်နေ့ နေ့လည် ၁နာရီ နာရေးတစ်ခုရှိလို့ နာရေးပို့ဆောင်ဖို့ မြို့မသုသာန်ကို လာခဲ့ပါတယ်။ ဇရပ်ပေါ်မှာ ခွေခွေလေး အသက်ကို မဝတဝရှူနေတဲ့ ဦးဘိုခင်ကိုတွေ့လိုက်ရချိန်မှာ စိတ်မကောင်းဖြစ်မိပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ လူဖြစ်ခဲ့ပေမယ့် ဒုက္ခဆင်းရဲခြင်းတွေနဲ့ ဘဝကို ကျင်လည်ခဲ့ရတဲ့ ဦးဘိုခင်ခမျာ ဆွေမျိုး၊ ဇနီး၊ သား၊ သမီးလားဆိုတာ မသိရဘဲ တကိုယ်တည်းနေလို့ ဘာဆိုဘာမှ စုံစမ်းလို့ မရခဲ့ပါဘူး။
ဦးဘိုခင်ကို နာရေးအလောင်းလာတော့မှာဖြစ်တဲ့အတွက် ဇရပ်အနောက်ဖက်ကို အသင်းသူ မသိင်္ဂီနဲ့ ယောင်္ကျားလေးများ ကူညီပြီးရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဦးဘိုခင်ရဲ့ ကိုယ်မှာ ဘောင်းဘီလိုလို တစ်ထည်ကိုတွေ့ရပြီး ခန္ဓာကိုယ်မှာ ဘာအဝတ်မှ မရှိဘဲ အသက်ရှူသံမဝတဝနဲ့ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေတာကိုကြည့်ပြီး ကျွန်မ အဝတ်အစား ဝတ်ပေးချင်စိတ်က တားမရလို့ အိမ်ပြန်ယူမယ်ကြံတုန်း မောင်လေးကိုစိုင်းက သူ့ရဲ့အဝတ်တွေ သွားယူမယ်ဆိုလို့ ကျွန်မလည်း ဝမ်းသာပြီး သွားယူခိုင်းခဲ့ပါတယ်။
အဝတ်အစားတွေရောက်လာတော့ ကျွန်မရင်ထဲမှာ အမည်မဖော်နိုင်တဲ့ လှိုင်းတစ်ခု ထသွားခဲ့ပါတယ်။ ဘဝပေါင်းများစွာထဲက ဘဝတစ်ခုမှာ သားအဖများ တော်စပ်ခဲ့လေသလား ၊ ကျေးဇူးများရှိခဲ့လေမလားလို့ တွေးမိလိုက်တာနဲ့ ကျွန်မနဲ့ညီမလေး မသိင်္ဂီနဲ့ နှစ်ယောက် ဦးလေးကြီးရဲ့ အဝတ်အစားတွေကို လဲလှယ်ပေးခဲ့ပါတယ်။
ဘာဆိုဘာမှမသိတော့တဲ့ ဦးဘိုခင်ရဲ့ဘောင်းဘီမှာ ကျင်ကြီးကျင်ငယ်တွေက စိုရွှဲလို့ပါပဲ။ ရွံရှာဖို့ စိတ်မရှိခဲ့တာ ရင်ထဲက ဖြစ်လာတဲ့ မေတ္တာတရားကြောင့်ထင်ပါရဲ့။ အဝတ်အစားလဲ၊ ရေဝတ်ဖတ်၊ စနိုးတာဝါတွေနဲ့ ပေနေတဲ့ မျက်နှာလက်တွေကို သန့်ရှင်းစေပြီး အင်္ကျီအဖြူလေးနဲ့ ပုဆိုးကို ဝတ်ပေးခဲ့မိပါတယ်။
ပြီးတော့ သူ့ရဲ့ပါးစပ်ထဲကို တတ်နိုင်သမျှ ဖြေးဖြေးချင်း အိုဗာတင်းနဲ့ ရေတို့ကို ဖြေးဖြေးချင်းတိုက်ခဲ့ပါတယ်။ ဆာနေတယ်ထင်ပါရဲ့။ မျိုချနေတဲ့ ဦးလေးကြီးရဲ့ပုံက လည်ပင်းတွေလှုပ်နေခဲ့ပါတယ်။ ဖြေးဖြေးချင်း သောက်နေတာတွေ့ရတော့ ဝမ်းသာမိပါတယ်။
ကျွန်မလည်း သူပြန်သတိရလာတာကို ဝမ်းသာပြီး ဦးလေးဦးဘိုခင် ဦးလေးနေကောင်းတုန်းက ဟိုအရင်တုန်းက ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်သတိရလို့ ပြောမိတယ်။ ပြီးတော့ ကျွန်မရဲ့ နှုတ်ခမ်းတွေက တားမရဘူး ဦးဘိုခင်ကို သရဏဂုံနှုတ်ကရွတ်ပြီး ဦးလေးပါးစပ်က လိုက်မဆိုနိုင်ရင်တောင် သမီးဆိုသလို စိတ်ထဲက လိုက်ဆိုပါလို့ အကြိမ်ကြိမ်ပြောမိပါတယ်။ လူတိုင်း လူတိုင်း ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတဲ့ တရားတွေကိုလည်း ပြောနေခဲ့မိပါတယ်။ ကျွန်မဒီလိုတရားတွေ ပြောနေမိတာက လူတစ်ယောက်ရဲ့ နောက်ဆုံးအသက် မထွက်မီ ကြုံတွေ့ရမယ့်ဇောမှာ ကောင်းတဲ့အသံ၊ ကောင်းတဲ့အတွေး၊ ကုသိုလ်အသံ၊ တရားသံတွေကြားပြီး ဘဝကူးကောင်းစေချင်တဲ့ ဆန္ဒနဲ့ သတိလေးရလာခိုက်မှာ ကျွန်မပြောတဲ့ တရားသံ ဦးဘိုခင်ကြားပြီး ကုသိုလ်ဇောတွေကပ်ပြီး ကောင်းမွန်တဲ့ ဘဝကို ကူးပြောင်းဖို့ ရင်ထဲက မေတ္တာအပြည့်နဲ့ ပြောနေမိတာပါ။
နောက်သတိတရ ကျွန်မဘတ်ငွေ ၂၀တန်လေးကို ဦးဘိုခင်လက်ထဲထည့်ပေးပြီး ဦးလေးသွားချင်တဲ့နေရာသွားဖို့ ခရီးစရိတ် သမီးပေးတာပါလို့ပြောပြီး လက်ထဲထည့်ပေးလိုက်တော့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတာတွေ့ရပြီး အိတ်ကပ်ထဲကို လှမ်းထည့်နေတာတွေ့ရလို့ ပိုက်ဆံကိုယူပြီး အင်္ကျီအိတ်ကပ်ထဲ ထည့်ပေးလိုက်ပါတယ်။
ပြီးတော့ သရဏဂုံကို ရွတ်ပြပြီး ဝေဒနာကို ရှုမှတ်ဖို့ပြောတော့ စီးကျလာတဲ့ ဦးဘိုခင်ရဲ့ မျက်ရည်ကို ကျွန်မတွေ့လိုက်ရပါတယ်။ ကျွန်မရင်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိအောင် ခံစားရပါတယ်။ ရှေးဘဝတစ်ခုမှာ ဆွေမျိုးမိဘ တော်ခဲ့လေသလားလို့ တွေးမိပြီး အကောင်းဆုံးလုပ်ပေးချင်မိပါတယ်။ မျက်ရည်ကလည်း မကျမိအောင်ထိန်းထားနေရပေမယ့် ကျွန်မမျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လျှံနေရင်းနဲ့ သူ့ရဲ့မျက်ရည်တွေ ကျွန်မသုတ်ပေးမိပါတယ်။ ဒီလိုနဲ့ အရှေ့က ဇရပ်ထဲမှာ သံဃာတော်တွေရဲ့ အသုဘရှုတရား ပြီးဆုံးသွားတော့ ဆရာတော်တွေကို လျှောက်တင်မိပါတယ်။
ဦးဘိုခင် မသေဆုံးခင် သူ့ရဲ့နောက်ဆုံးအချိန်လေးမှာ သရဏဂုံလေးတည်ဆောက်ပေးစေလိုကြောင်း လျှောက်တော့ သံဃာတော်တွေက ရွတ်ပေးမယ်ဆိုလို့ ကျွန်မတို့လည်း ဦးဘိုခင်ကို မပြီး သံဃာတွေ အရှေ့မှာ အိပ်စေခဲ့ပါတယ်။ ဆရာတော်တွေကလည်း သရဏဂုံကို လိုက်တည်နိုင်အောင် ငါးပါးသီလကို ဆောက်တည်ခိုင်းပါတယ်။ ကြားတစ်ချက် မကြားတစ်ချက်လားတော့ မသိဘူး ဦးဘိုခင်ရဲ့ မျက်ဝန်းထောင့်မှာ မျက်ရည်ကျလာတာတွေ့လိုက်ရပြန်ပါတယ်။
ကျွန်မလေ ပီတိဖြစ်ရပါတယ်။ မသေခင်အချိန်မှာ သရဏဂုံတည် တရားနာမှုကို ပြုလုပ်ပေးလိုက်ရတာ ဦးဘိုခင် ကံကောင်းတယ်လို့ ကျွန်မဆိုချင်ပါတယ်။ လူတစ်ရာမှာကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ အမျှတွေဝေပြီးတော့ ဦးဘိုခင်ကို နွေးထွေးစွာထားပြီး ဇရပ်မှာရှိတဲ့ ဦးလေးတစ်ယောက်ကို သေချာစောင့်ကြည့်ပေးဖို့မှာပြီး တနေကုန် ပင်ပန်းနေတာမို့ အိမ်ကိုပြန်ခဲ့ပါတယ်။
အိမ်ရောက်တော့ ရေချိုးပြီး ဦးဘိုခင်ပုံတွေရိုက်ထားတာ ပြန်ကြည့်နေတုန်း ဦးဘိုခင်ဆုံးသွားပြီဆိုတာ အကြောင်းကြားလာတဲ့အတွက် ဦးဘိုခင်ကို သင်္ဂြိုလ်ဖို့ သုသာန်ကို ဒုတိယမိ ပြန်လာခဲ့ရပါတယ်။ ညနေ၆နာရီထိုးနေပြီ ဖြစ်ပါတယ်။ အသင်းသားတွေစုံတော့ အားလုံးစိတ်မကောင်း ဖြစ်နေကြတာတွေ့ရပါတယ်။ စစ်မှုထမ်းဟောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် စစ်မှုထမ်းဟောင်း ဥက္ကဌမှ အမိန့်စာ လာရောက်ပြန်ပေးခဲ့ပါတယ်။
ဦးဘိုခင်ရဲ့ နောက်ဆုံးခရီးကို ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းသူ၊ အသင်းသားများမှ ဝမ်းနည်းကြေကွဲစွာ ဥက္ကဌဦးတင့်ဆွေနဲ့ ကျွန်မအပါအဝင် အသင်းသားများ အခေါင်းထမ်းလို့ မီးသင်္ဂြိလ်တဲ့နေရာကို တရွေ့ရွေ့လှမ်းခဲ့ကြပြီး မီးလောင်စင်ပေါ်သို့ ဦးဘိုခင်အလောင်းကို တင်ပေးပြီး နောက်ဆုံးခရီးကို ကောင်းစွာ ပို့ဆောင်ပေးခဲ့ကြပါတယ်။
မီးခိုးငွေ့တွေနဲ့အတူ ကောင်းမွန်တဲ့ ကုသိုလ်ဇောတချက်မှာ ဘဝကူးကောင်းသွားမယ်လို့ ကျွန်မယုံကြည်ပါတယ်။ နောင်ဘဝတွေများရှိခဲ့ရင် ဒီဘဝလို ဒုက္ခိတဘဝ၊ ကြမ်းတမ်းတဲ့ ဘဝဆိုးနဲ့ ဆင်းရဲခြင်းသောကတွေ မခံစားရပါစေနဲ့လို့ ကျွန်မ မီးခိုးငွေ့တွေကြည့်ရင်း ဆုတောင်းပေးနေမိပါတယ်။ ကောင်းရာသုဂတိလားပါစေ အဘဦးဘိုခင် (ခ) ဦးဘခင်၊ အိမ်အပြန်လမ်းမှာ ကားမောင်းရင်း ကျွန်မဆုတောင်းနေမိပါတယ်။ ဒီလိုဘဝမျိုး ဘယ်ဘဝမှာမှ မကြုံရပါစေနဲ့ အဘရယ် လို့ ဝမ်းနည်းတိတ်ဆိတ်ခြင်းတွေနဲ့အတူ ကျွန်မအိမ်ပြန်ရောက်ခဲ့ရပါတယ်။
ဦးဘိုခင်လို အသက်မဆုံးရှုံးခင် အချိန်လေးမှာ သံဃာတော်တွေရဲ့ သရဏဂုံတည်ဆောက်ပြီး ငါးပါးသီလတော်မြတ်ကို ခံယူရတဲ့အဖြစ်မျိုး ကြုံရခဲပါတယ်။ တခါမှလည်း ကျွန်မဘဝမှာ မကြုံခဲ့ရပါဘူး။ သေဆုံးခါနီးအချိန်လေးမှာ သူဟာ သံဃာတော်တွေရဲ့ တရားသံကိုကြားမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ကောင်းမွန်စွာ ကူးပြောင်းသွားမယ်လို့လည်း ယုံကြည်ပါတယ်။
လူတစ်ယောက်သေဆုံးခါနီး ဇောတစ်ချက်က အရေးအကြီးဆုံးမို့ ကျွန်မတို့ ဆောင်ရွက်ပေးလိုက်ရတာကို ကျေနပ်မိပါတယ်။ ဒီဆောင်းပါးလေးကို ကျွန်မရင်နဲ့ ခံစားခဲ့ပြီး ကျွန်မရဲ့စာဖတ်ပရိတ်သတ်တွေဆီ မျှဝေခံစားပေးနိုင်အောင် ရေးသားလိုက်ရပါတယ်ရှင်။