တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့အတွင်းလမ်းကြားတွင် စိတ်ကြွဆေးပြားများအား ကိုယ်တိုင်လက်ဖြင့်ရိုက်နှိပ်ပြီး ထုတ်လုပ်ရောင်းချနေသည့် နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြားများ နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဇူလိုင်လ(၁၂)ရက် ည(၆)နာရီခန့်က တရားခံနှင့်အတူ မူးယစ်ဆေးဝါးများအား ရှာဖွေဖမ်းဆီး ရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(၃၀)တာချီလိတ်ရှိ ရဲအုပ်စိုင်းခမ်းစိုင်း ဦးစီးအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ ဗိုလ်ကြီးကျော်ဇေယျ ဦးစီးသည့် အဖွဲ့ နှင့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)တပ်စု(၂)မှ ဒုတပ်ကြပ် ရဲမင်းထွန်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့အတွင်းလမ်းကြားရှိ နေအိမ်တစ်အိမ်တွင် စိတ်ကြွဆေးပြားများအား ကိုယ်တိုင်လက်ဖြင့်ရိုက်နှိပ်ပြီး ထုတ်လုပ်ရောင်းချနေကြောင်း သတင်းရရှိထားသည့်အတွက် ၀င်ရောက်ရှာဖွေ ခဲ့ကြသည်။
ထိုသို့ သွားရောက်ရှာဖွေရာတွင် သတင်းရရှိထားသူ တာဝမ်းအား အသင့်တွေ့ရှိနေပြီး ၎င်းအိပ်သည့် အိပ်ခန်းအတွင်းမှ ပန်းရောင် စိတ်ကြွဆေးမှုန့် (၃၃)ဂရမ်ပါ (၁)ထုပ်၊ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၄၆)ပြား၊ အဖြူရောင် ကဖင်းမှုန့်အလေးချိန် (၉၇၀)ဂရမ်ပါ (၁)ထုပ်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား (၁)ထုပ်လျှင် (၁၀၀၀)ပြားစီပါသည့် (၂၈)ထုပ်နှင့် (၈၅၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်း (၂၈၈၅၀)ပြားရှိရာ အဆိုပါ ဆူဒိုအက်ဖီဒရင်းဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၈.၈၅)သိန်းခန့်ရှိကြောင်း သိရသည်။
ဆက်လက်၍ ရှာဖွေရာ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် အနံ့ဆေးရည် (၁)လီတာစီပါသည့် ပုလင်း(၃)လုံး၊ အနံ့ဆေးရည်(၁၀၀)မီလီလစ်တာစီပါသည့် (၂)ပုလင်း၊ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ပန်းရောင်အရည် (၁၀၀)မီလီလစ်တာပါ (၁)ဗူး၊ အ၀ါရောင်အနံ့မှုန့် (၁.၃၉)ကီလိုဂရမ်ပါ (၁)ထုပ်၊ ဒီဂျစ်တယ်ချိန်ခွင်အသေး (၁)ခုနှင့် ဆေးပြားရိုက်နိပ်ရာတွင် အသုံးပြုသည့် အရှည်(၉)လက်မှ အချင်း(၁)လက်မခန့်ရှိ Wy စာတမ်းပါ လက်ရိုက်မှို(၁)စုံတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ စိတ်ကြွဆေးပြားများ နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးမိသူအား တာချီလိတ်မြို့ရဲစခန်းမှ မယ(ပ)၁၀၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။