ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ခရိုင်မှ ဒုတိယဆုရရှိခဲ့ပြီး ပြည်နယ်လက်ရွေးစင်အဖြစ် (၁၀)ဦး အရွေးခံရ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ခရိုင်မှ ဒုတိယဆုရရှိခဲ့ပြီး ပြည်နယ်လက်ရွေးစင်အဖြစ် (၁၀)ဦး အရွေးခံရ
ဇူလိုင် 17, 2014
By Tachileik News Agency
ရှမ်းပြည်နယ်မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် ဇူလိုင်လ(၆)ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဖလား အသက်(၂၀)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ခရိုင်မှ အားကစားသမား လူငယ်များမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဗိုလ်လုပွဲတွင် ဒုတိယဆု ရရှိပြီးနောက် ယနေ့ ဇူလိုင်လ(၁၇)ရက်နေ့ ညနေပိုင်းတွင် အောင်ပွဲခံ၍ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့မှ မြို့အ၀င်တွင် ၀မ်းမြောက်စွာဖြင့် ကြိုဆိုခဲ့ကြသည်။
ထိုသို့ ကြိုဆိုရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့် ကော်မတီဝင်များ အပါအ၀င် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ နည်းပြ ဦးသန်းလှိုင် ဦးဆောင်သည့် အားကစားသမား လူငယ်လေးများအား နှင်းဆီပန်းများကမ်း၍ ၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
ကျင်းပပြုလုပ်ခဲ့ပြီးသော  ပြည်နယ်ဝန်ကြီးချုပ် ဖလား အသက်(၂၀)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်သည့် အသင်းများအနေဖြင့် အသင်း(၁၀)သင်းရှိကြောင်း၊ အုပ်စုပွဲစဉ်အနေဖြင့် ပထမပွဲတွင် လားရှိုးခရိုင် နှင့် ယှဉ်ပြိုင်ရာတွင် ၃-၀ ဖြင့် နိုင်ကြောင်း၊ ဒုတိယပွဲတွင် လင်းခေးခရိုင် နှင့် ယှဉ်ပြိုင်ရာတွင် ၆-၂ ဖြင့် နိုင်ကြောင်းနှင့် တတိယပွဲတွင် တောင်ကြီးခရိုင်နှင့် ယှဉ်ပြိုင်ရာ ဂိုးမရှိ သရေကျခဲ့ပြီး အုပ်စုဒုတိယရှုံးထွက်ပွဲစဉ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းကို ၄ ဂိုး ၀ ဖြင့် နိုင်ခဲ့ပြီးနောက် အကြိုဗိုလ်လုပွဲတွင် ကျိုင်းတုံခရိုင် နှင့် ယှဉ်ပြိုင်ရာ ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် တောင်ကြီးခရိုင်နှင့် ယှဉ်ပြိုင်ရာ  ၁ - ၂  ဖြင့် အချိန်ပိုဖြင့် ဒုတိယဆု ရရှိခဲ့တာဖြစ်ကြောင်း နည်းပြဖြစ်သူ ဦးသန်းလှိုင်၏ ပြန်လည်ပြောပြချက်အရ သိရသည်။

ပြိုင်ပွဲ၏ ရလာဒ်များနှင့် ပတ်သက်၍ "ပြိုင်ပွဲအပြီးမှာ အကောင်းဆုံး ကစားသမားဆု (၃)ဆုရရှိခဲ့ပါတယ်၊ ရှေ့တန်းအကောင်းဆုံးဆုကို သက်မောင်၊ အလယ်တန်းအကောင်းဆုံး ဆုကို အောင်ဖြိုးဖြိုး နဲ့ ဂိုးအကောင်းဆုံးဆုကို အိကျ တို့ ရရှိခဲ့သလို ပြည်နယ် လက်ရွေးစင်အဖြစ် ကစားသမား (၁၀)ဦးကို တာချီလိတ်ခရိုင်အသင်းထဲက အရွေးခံရပါတယ်၊ တာချီလိတ်ခရိုင်အသင်းထဲက ပြည်နယ်လက်ရွေးစင် အများကြီး အရွေးခံရလို့ ပင်ပန်းရကျိုးနပ်တယ်"ဟု နည်းပြဖြစ်သူ ဦးသန်းလှိုင်မှ တာချီလိတ်အွန်လိုင်းသို့ ၀မ်းမြောက်စွာဖြင့် ပြောပြလာသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~