၂၀၁၄ခုနှစ် သြဂုတ်လ (၁၀)နေ့ ညတွင် လ နှင့် ကမ္ဘာ အနီးကပ်ဆုံးဖြစ်မည့် ကိစ္စနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ

၂၀၁၄ခုနှစ် သြဂုတ်လ (၁၀)နေ့ ညတွင် လ နှင့် ကမ္ဘာ အနီးကပ်ဆုံးဖြစ်မည့် ကိစ္စနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ
သြဂုတ် 5, 2014
By Tachileik News Agency

၂၀၁၄ခုနှစ် သြဂုတ်လ (၁၀)နေ့ ညတွင် နေ၊ လ၊ ကမ္ဘာသည် တစ်တန်းတည်းကျပြီး လသည် ကမ္ဘာနှင့်  မိုင်ပေါင်း ၂၂၁၈၁၄ မိုင်အကွာအဝေးထိ နီးကပ်လာမည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းတစ်ခုတွင် အောက်ပါ အတိုင်းဖော်ပြထားသည်ကို ပြန်လည်၍ ဖော်ပြပေးလိုက်ပါသည်။

Super moon ဖြစ်စဉ်ဖြစ်ပေါ်မည်ဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့တွင် ဆူနာမီကဲ့သို့သောရေလှိုင်းများကိုဖြစ်စေသည့် အင်အားပြင်းငလျင်များဖြစ်ပေါ်နိုင်ကြောင်း မြန်မာနက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချူပ် ဦးဇေယျာကိုက ၂၆.၇.၂၀၁၄ နေ့က ပြောကြားလိုက်သည်။

သြဂုတ်လ ၁၀ရက် ဝါခေါင်လပြည့်နေ့ မြန်မာစံတော်ချိန် ည ၁၁နာရီ ၅၅မိနစ်တွင် မြန်မာမိုးကောင်းကင်ပြင်ကို `လ´ရောက်ရှိကာ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်ခန့်သာ ဖြစ်ပေါ်လေ့ရှိသည့် Super moon ဖြစ်စဉ်နှင့် ကြုံတွေ့ရမည်ဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် လနှင့်ကမ္ဘာသည် မိုင်ပေါင်း ၂၂၁၈၁၄ မိုင်အကွာအဝေးထိ နီးကပ်လာမည်ဖြစ်သည်။ ၎င်းဖြစ်စဉ်ကြောင့် သြဂုတ်လ ၁၀ရက်မှ ၂၅ရက်အတွင်း အရှေ့တောင်အာရှနိုင်ငံတစ်ချို့ တရုတ် အိန္ဒိယ မြန်မာနိုင်ငံတွေမှာ ဆူနာမီဖြစ်စေနိုင်တဲ့ အင်အားပြင်းငလျင်ဖြစ်စဉ် ရုတ်တရက်ပေါ်ပေါက်နိုင်တယ်။ Super Moon ကြောင့်ဂျပန်မှာ ၂၀၁၀ တုန်းက ဆူနာမီငလျင်ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာတွေ့ရပါတယ်။ Super Moon ဟာ မြန်မာပြည်မိုးကောင်းကင်မှာ ရောက်ရှိနေမှာဖြစ်တဲ့အတွက် မြန်မာပြည်ဟာ ငလျင်သတိပြုရမယ့် ထူးခြားဂြိုလ်ဖြစ်စဉ်တစ်ခုဖြစ်တယ် ဟု ဦးဇေယျာကိုကပြောသည်။
နှင်းနုဝေ(ပြည်မြန်မာ)

မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် ကလည်း ၂၀၁၄ခုနှစ် သြဂုတ်လ(၃)ရက်နေ့က ၎င်း၏ Facebook တွင် "Supermoon ဖြစ်စဉ် နဲ့ သဘာဝဘေးကျရောက်မှု"ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရ၍ တာချီလိတ်အွန်လိုင်းမှ ပြန်လည်၍ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

Supermoon ဖြစ်စဉ် နဲ့ သဘာဝဘေးကျရောက်မှု
မောင်ထွန်းလွင်(မိုးဝေသ)

Supermoon ဆိုတာ 
ကမ္ဘာကို အီလစ်ပုံပတ်လမ်းနဲ့လှည့်ပတ်နေတဲ့လဟာ ကမ္ဘာနဲ့ အနီးဆုံး ရောက်ရှိနေတဲ့အခိုက်အတန့် နဲ့ လပြည့်ဖြစ်စဉ်နဲ့ လာရောက် တိုက်ဆိုင် နေတဲ့ ကာလဖြစ်တဲ့ အတွက် ကမ္ဘာပေါ်မှ လကို အကြီးမားဆုံး အရွယ်အစား အတောက်ပဆုံး မြင်ကွင်းနဲ့ မြင်ရတဲ့ ဖြစ်စဉ်ကို ခေါ်ခြင်းဖြစ်ပါတယ်။ ကမ္ဘာ-လ-နေအဖွဲ့အစည်းစံနစ်မှာ ပညာရပ် အခေါ်အဝေါ် အနေနဲ့တော့ ဒီဖြစ်စဉ်ကို perigee-syzygy လို့ခေါ်ပါတယ်။ အမှန်တကယ်တော့ supermoon ဆိုတဲ့ဝေါဟာရဟာ နက္ခတ္တဗေဒဝေါဟာရ မဟုတ်ပေ မယ့် ခေတ်သစ်နက္ခတ်ပညာရပ်မှ ပေါ်ထွက် လာတဲ့ ဝေါဟာရဖြစ်ပါတယ်။

လနှင့်မြေငလျင်လှုပ်ရှားမှု၊ ဆူနာမီကဲ့သို့သော ရေလှိုင်းဖြစ်စဉ်များ supermoon ဖြစ်စဉ်ကြောင့် အဆိုပါဖြစ်စဉ်များရဲ့ အန္တရာယ်ဟာ ပိုတိုးလာကြောင်း လူအများ ပြောဆိုလာကြသော်လည်း ယင်းဆက်စပ်မှုမှာ လက်တွေ့တွင် ခိုင်မာတဲ့သိပ္ပံ အထောက်အထားတွေ မတွေ့ရှိကြရသေးတဲ့ အတွက် ပညာရှင်လူအများက လက်မခံကြသေးပါ။

လောလောဆယ်အနေဖြင့် အနီးကပ်ဆုံးဖြစ်ပေါ်ခဲ့သော supermoon ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်၊ဇူလိုင်လ (၁၂)ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး၊ နောက်ထပ်အနီးကပ် ဆုံးဖြစ်စဉ်မှာ သြဂုတ်လ(၁၀)ရက်နေ့တွင်ဖြစ်လာမယ့် ဖြစ်စဉ်ဖြစ်ပါတယ်။ supermoon ဖြစ်စဉ်နဲ့ဆန့်ကျင်ဖက်ဖြစ်စဉ်ကို apogee-syzygy ဟုခေါ်ဆိုပြီး အများအားဖြင့် လူသိသိပ်မများလှပါ။

Supermoon ၏အဓိပ္ပါယ်သတ်မှတ်ချက်။
လဟာကမ္ဘာမြေကို အီလစ်ပုံပတ်လမ်းနဲ့လှည့်ပတ်နေပြီး ကမ္ဘာနဲ့ အနီးဆုံး အကွာအဝေး မှာ 357,000 kilometers (222,000 mi) ဖြစ်ပြီး အဝေးဆုံးအကွာအဝေး မှာ 406,000 km (252,000 mi) ဖြစ်ပါတယ်။ NASA အဖွဲ့ကြီးရဲ့တိုင်းတာချက်အရ လဟာ supermoon
ဖြစ်နေချိန်တွင် အရွယ်အားဖြင့် ၁၄% ပိုကြီးလာပြီး တောက်ပမှု မှာလည်း ၃၀% ပိုမိုတောက်ပလာကြောင်း သိရပါတယ်။

ဝေါဟာရ
Supermoon ဆိုတဲ့ဝေါဟာရကိုနက္ခတ္တဗေဒပညာရှင် Richard Nolle က ၁၉၇၉ ခုနှစ်တွင် အမည်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။ မူရင်းအဓိပ္ပါယ်သတ်မှတ်ချက်ကတော့ ပတ်လမ်းတစ်ခုဖြင့် ကမ္ဘာကိုလှည့်ပတ်နေတဲ့လဟာ နေ၊လ၊ကမ္ဘာတို့ တစ်တန်းတည်း ကျသွားတဲ့အချိန်မှာ လဟာ ကမ္ဘာနဲ့အနီးကပ်ဆုံးအကွာအဝေးသို့ ရောက်ရှိ နေစဉ်တွေ့ မြင်ရတဲ့အခြေအနေကို ခေါ်ဝေါ်ခြင်း
ဖြစ်ပါတယ်။

အမှန်အားဖြင့် supermoon ဟူသောဝေါဟာရမှာ ပညာရပ်အခေါ်အားဖြင့် perigee-syzygy ဟုခေါ်ဆိုပြီး အဓိပ္ပါယ်မှာ နေ-လ-ကမ္ဘာတို့တစ်တန်းတည်း ကျရောက်နေစဉ် လဟာ ကမ္ဘာနဲ့အနီးဆုံး အကွာအဝေးသို့ ရောက်ရှိနေခြင်းကို ခေါ်ခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်စဉ်ဟာ လပြည့် (full moon) သို့မဟုတ် လဆန်း (new moon) ဖြစ်စဉ်တိုင်း တွင် ကြုံတွေ့နိုင်ပါတယ်။

ဖြစ်ပေါ်မှုကြိမ်နှုန်းများ
Full moon cycle ဆိုတာဟာ နေ-လ-ကမ္ဘာ တစ်တန်းတည်းကျရောက်တဲ့ ဖြစ်စဉ် တစ်ခုနှင့် တစ်ခုကြား ကြာမြင့်ချိန်ဖြစ်ပြီး၊ အကြမ်းအားဖြင့် ၄၁၁.၈ ရက်တွင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်နည်းပြောရပါက full moon (၁၄)ကြိမ်မြောက် ဖြစ်ပေါ်တိုင်း supermoon တစ်ကြိမ်ဖြစ်ပေါ် တဲ့သဘော ဖြစ်ပါတယ်။ အကြမ်းအားဖြင့် လည်း full moon cycle တစ်ကြိမ်တွင် supermoon (၃)ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။

ဒီရေများအပေါ်အကျိုးသက်ရောက်မှု
ကမ္ဘာပေါ်ရှိသမုဒ္ဒရာရေပြင်များအပေါ်တွင် နေ နဲ့ လတို့ရဲ့ ပူးတွဲအကျိုး သက်ရောက်မှုကြောင့် လဟာ full moon သို့မဟုတ် new moon ဖြစ်တိုင်းတွင် ကမ္ဘာပေါ်ရှိ သမုဒ္ဒရာ အတွင်းတွင်
ဖြစ်ပေါ်သော ဒီရေလှိုင်းတို့သည် အကြီးဆုံး ဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် lunar perigee ဖြစ်သောကာလတွင် ဒီရေအတက်အကျဟာ အားအကောင်းဆုံးဖြစ်ပါတယ်။ ယင်းကို perigean spring tide ဟုခေါ်ဆိုပါတယ်။ ဒါပေမယ့် အဆိုပါ ဒီရေဟာ လက်တွေ့ဒီရေလှိုင်းမှာ လက်မ အနည်းသာ အပြောင်းအလဲ ဖြစ်စေတတ်ပါတယ်။

သို့ရာတွင် ဒီရေအပေါ်တွင် သက်ရောက်သောအားမှာ an inverse-cube law နဲ့ ပြောင်းလဲနေ မှုကြောင့် ဒီရေလှိုင်းရဲ့အားပမာဏမှာ ပျမ်းမျှတန်ဘိုးများထက် ၁၉ % ခန့် ပိုမိုအားကောင်းနိုင် ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာအရပ်ရပ်တွင်ဖြစ်ပေါ်သော ဒီရေလှိုင်းများဟာ နေရာဒေသ အလိုက်အပြောင်းအလဲများ ရှိတတ်ကြတဲ့အတွက် ဒီရေလှိုင်းများ အပေါ် သိသိသာသာ ထူးခြားသောအကျိုးသက်ရောက်မှုကိုတော့ မတွေ့ကြရပါ။

၂၀၁၁ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော supermoon ဖြစ်စဉ်တွင် UK နိုင်ငံ Solent ဒေသတွင် သင်္ဘော(၅)စီးနစ်မြုပ်ခဲ့ရခြင်းတွင် supermoon နဲ့ ဆက်စပ်မှုရှိနေကြောင်း
ပြောဆိုမှုများရှိခဲ့သော်လည်း ယနေ့အချိန်အထိ သက်သေ အထောက်အထားပြသနိုင်ခြင်း မရှိသေးပါ။

သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း။
၂၀၁၁ ခုနှစ် တွင်ဖြစ်ပေးခဲ့သော ဂျပန်နိုင်ငံ Tohaku ဒေသတွင် ရေအောက် မြေငလျင် လှုပ်ခဲ့ခြင်းနဲ့ရ အတူ ဆူနာမိရေလှိုင်းများကျရောက်ခြင်းဖြစ်စဉ် ၂၀၀၄ ခုနှစ်၊ အိန္ဒိယ သမုဒ္ဒရာတွင် လှုပ်ခတ်ခဲ့သောရေအောက်မြေငလျင်နှင့် ဆူနာမီရေလှိုင်းများ ကျရောက်ခြင်းဖြစ်စဉ် စသည်တို့သည် supermoon ဖြစ်စဉ်နှင့်ဆက်စပ်မှုရှိကြောင်း လူအများက သုံးသပ်ပြောဆိုမှု ကောလဟာလ ပြောဆိုမှုများ ရှိခဲ့သော်လည်း .နေ့အချိန် အထိ ခိုင်မာသောသက်သေ အထောက်အထားများ ပြသနိုင်ခြင်း မရှိသေးကြောင်း တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပေးမယ့် supermoon ကာလတွေ
တကယ်တော့ ၂၀၁၄ ခုနှစ်အတွင်းမှာ supermoon (၅)ကြိမ်ဖြစ်ပေါ်မှုရှိပါတယ်။ အဲဒါတွေ ကတော့ ဇန်န၀ါရီလထဲမှာကျရောက်မယ့် လဆန်းကာလ(new moon) (၂)ကြိမ်နဲ့ ဇူလိုင်လ၊ သြဂုတ်လ နဲက စက်တင်ဘာလတွေမှာ ဖြစ်ပေါ်မယ့် လပြည့်ကာလ(full moon) (၃)ကြိမ်တို့ဖြစ် ပါတယ်။ ဒါကြောင့်လောလေဆယ်အနီးဆုံး supermoon ဟာ သြဂုတ်လ(၁၀)ရက်ဖြစ်ပါတယ်။
စာရင်းတွေကတော့
(1) New Moon January 1 ,2014.
(2) New moon of January 30, 2014.
(3) Full moon of July 12 at 11:25 UTC, 2014
(4) Full moon of August 10 at 18:09 UTC, 2014
(5) Full moon of September 9 at 1:38 UTC , 2014

သြဂုတ်လ(၁ဝ)ရက်မှာဖြစ်လာမယ့် supermoon
Supermoon ဖြစ်စဉ်ဟာ စကြာဝဠာကြီးအတွင်းမှာရှိနေတဲ့ နက္ခတ္တဗေဒဖြစ်စဉ် တွေထဲက ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ ကမ္ဘာကြီးနဲ့နီစပ်နေတဲ့ နေ၊လ၊ကမ္ဘာ ဂြိုဟ်တွေဟာ ကိုယ်ပိုင်ပတ်လမ်းများနဲ့ရွေ့လျှားနေကြရာမှာ နေကိုဗဟိပြုလို့ ကမ္ဘာက နေကိုအီလစ်ပုံ ပတ်လမ်းနဲ့ ပတ်နေတယ်။ ဒါကြောင့် နေနဲ့ကမ္ဘာနဲ့ အကွာအဝေးဟာ အနီးဆုံးအကွာအဝေး နဲ့ အဝေးဆုံးအကွာအဝေး ဆိုတာရှိလာတယ်။ တစ်ခါ လက ကမ္ဘာကို အီလစ်ပုံပတ်လမ်းနဲ့ ပတ်နေပြန်တယ်။ ဒီတော့ လနဲ့ကမ္ဘာနဲ့မှာလည်း အနီးဆုံးအကွာအဝေး နဲ့ အဝေးဆုံး အကွာအဝေး ဆိုတာရှိလာတယ်။ တစ်ခါ နေကိုပတ်နေတဲ့ကမ္ဘာရယ်၊ ကမ္ဘာကိုပတ်နေတဲ့ လရယ်ဟာ တစ်တန်းတည်းကျတဲ့ ကာလ ဆိုတာ ပုံမှန်ရှိနေပြန်ပါတယ်။ အဲဒီအထဲကမှ နေရယ်၊ လရယ်၊ ကမ္ဘာရယ် တစ်တန်းတည်းကျနေတဲ့ကာလနဲ့ လဟာကမ္ဘာနဲ့အနီးဆုံး ရောက်နေတဲ့ အချိန်နဲ့ လာရောက် တိုက်ဆိုင်လာတဲ့အခါ မြင်ရတဲ့လကို supermoon လို့ ခေါ်ခြင်းသာ
ဖြစ်ပါတယ်။

အမြဲဖြစ်နေတဲ့ အကြမ်းအားဖြင့် ၄၁၁.၈ ရက်တွင် တစ်ကြိမ်ဖြစ်ပေါ်လေ့ ရှိပါတယ်။ တစ်နည်းပြောရ ပါက full moon (၁၄)ကြိမ်မြောက် ဖြစ်ပေါ်တိုင်း supermoon တစ်ကြိမ်ဖြစ်ပေါ်တဲ့ သဘော ဖြစ်ပါတယ်။ အကြမ်းအားဖြင့် လည်း full moon cycle တစ်ကြိမ်တွင် supermoon (၃)ကြိမ် ဖြစ်ပေါ်လေ့ရှိပါတယ်။

ထူးခြားတာကတော့
နေ-လ-ကမ္ဘာ တစ်တန်းတည်းကျနေတာရယ်၊ လဟာကမ္ဘာနဲ့ အနီးဆုံး အကွာအဝေးရောက်နေ တာရယ် လာရောက်တိုက်ဆိုင်နေတဲ့ အခိုက်အတန့်သာဖြစ်ပါတယ်။ ဒါဟာလည်း နေ၊လ၊ကမ္ဘာ တို့ရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ်ပါတယ်။

သဘာဝဘေးများ ဖြစ်ပေါ်နိုင်တယ်လို့ ကောလဟာလသတင်းများထွက်ရှိနေပေမယ့် အတည်ပြုနိုင်ဖို့ ဘာသိပ္ပံ အထောက်အထားမှ မရှိသေးပါဘူးလို့ ပညာရှင်များက သုံးသပ်ထားပါတယ်။ ပင်လယ်ဒီရေအပေါ် မှာတော့ အကျိုးသက်ရောက်မှုရှိနိုင်ပေမယ့်လို့ ကမ္ဘာဒေသအသီးသီးတို့ရဲ့ မတူကွဲပြားခြားနားတဲ့ ပထ၀ီဝင်အနေအထားတွေကြောင့် ဒါဟာလည်း ထူးထူးခြားခြား မရှိတဲ့နေရာတွေ ကမ္ဘာပေါ်မှာ အများအပြားရှိနေကြောင်းပါဗျာ။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~