ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သီရိမင်္ဂလာဆန်ဆိုင်း ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တနရိန္ဒ နှင့် လက်ထောက်ဆရာတော် ဥူးပညာသီရိ တို့ (၂)ပါးအား ရှမ်းပြည်နယ်သံဃာ့မဟာနာယက နှင့် ရှမ်းရှေ့သံဃာ့နာယကဆရာတော် စုစုပေါင်း (၄၇)ပါးတို့မှ အဆိုပါ ဆရာတော်နှစ်ပါးအား သာသနာတော် ညှိုးနွမ်းစေသည့် ကိစ္စရပ်များကြောင့်ဟု ဆုံးဖြတ်ကာ ယနေ့ သြဂုတ်လ(၆)ရက် မွန်းလွဲပိုင်းက သီရိမင်္ဂလာဆန်ဆိုင်း ကျောင်းတိုက်မှ တဆင့် မကာဟိုခမ်းရပ်ကွက်ရှိ မဟာဗောဓိ ကမ္မဌာန်းကျောင်းတိုက်သို့ ပင့်ဆောင်ကာ တရားဥပဒေအရ တရားရင်ဆိုင်နိုင်ရန် အတွက် လူဝတ်လဲစေခဲ့ကြသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသည့် အကြောင်းအရာမှာ တစ်နှစ်ဝန်းကျင်ကြာမြင့်နေပြီးမှ ယနေ့ သြဂုတ်လ(၆)ရက်တွင် ရှမ်းပြည်နယ်သံဃာ့မဟာနာယက ဥက္ကဌ (ရွှေကျင်ဂိုဏ်း)ဆရာတော် ဥူးဂုဏိဿရ ပါဝင်သည့် သံဃာတော် (၂၉)ပါး နှင့် ကျိုင်းတုံမြို့ ရှမ်းအရှေ့ သံဃာနာယက ဥက္ကဌ ဆရာတော် ဥူးဝိဇေယျ ပါဝင်သည့် သံဃာတော် (၁၈)ပါး စုစုပေါင်း သံဃာတော် (၄၇)ပါးတို့မှ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင်ဝင်းရွှေ နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း နှင့် သာသနာရေးမှူး ဦးရင်မောင်ထွန်း တို့ပါဝင်သည့် ခရိုင်/မြို့နယ် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ရှေ့မှောက်တွင် သီရိမင်္ဂလာဆန်ဆိုင်း ကျောင်းတိုက်မှ ဆရာတော်နှစ်ပါးအား လူဝတ်လဲခဲ့ကြခြင်းဖြစ်သည်။
လူဝတ်လဲပြီးသော ဆရာတော် ဘဒ္ဒန္တနရိန္ဒ တဖြစ်လဲ ဦးအိုက်ကျောက် နှင့် လက်ထောက်ဆရာတော် ဥူးပညာသီရိ တဖြစ်လဲ ဦးအိုက်မြတို့ (၂)ဦးအား နယ်ဘက် ဥပဒေအရ ပြောင်းလဲ အရေးယူရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထိုသို့ လူဝတ်လဲရခြင်းသည် နစ်နာသူ၏ တိုင်ကြားချက်အပေါ် ဥပဒေအရ ဖြေရှင်းသည့်အခါမှာ သင်္ကန်းဝတ်အနေဖြင့် မသင့်လျော်သည့်အတွက် တရားရုံးတွင် တရားရင်ဆိုင်နိုင်ရေးအတွက် လူဝတ်လဲလိုက်ရတာဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။
ယခုလိုဖြစ်ပွားမှုနှင့် ပတ်သက်၍ "ဒီလို ပြည်နယ်အဆင့်နဲ့ လူဝတ်လဲဆုံးဖြတ်တာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး၊ တိုင်ကြားထားတဲ့ အကြောင်းအရာကို ဖတ်ပြီးဆုံးဖြတ်ကြတယ်၊ နှစ်ဦးနှစ်ဖက် ဘာမှမလေ့လာပဲ ဒီလိုဆုံးဖြတ်လိုက်တာဟာ ဦးဇင်းတို့အတွက် နစ်နာတယ်၊ တရားဥပဒေအတိုင်း မျှမျှတတဖြစ်စေချင်တယ်"ဟု သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်မှ ဦးဇင်းငယ် တစ်ပါးမှ တာချီလိတ်အွန်လိုင်းသို့ မိန့်တော်မူသည်။
"ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်ဆရာတော် ကောင်းတယ်၊ မကောင်းဘူး မပြောချင်တော့ပါဘူး၊ ဒါပေမဲ့ အားလုံးက ဗုဒ္ဓဘာသာဝင်တွေပဲဆိုတော့ ထိန်းထိန်းသိမ်းသိမ်းလေး ဆောင်ရွက်ကြရင် ကောင်းပါတယ်၊ တစ်ဖက်က ထူပူပြီး ဒေါသတွေ ထွက်နေရင်လည်း မလိုလားအပ်တာတွေ ဖြစ်နေမှာစိုးရတယ်၊ ညှိညှိနှိုင်းနှိုင်းနဲ့ အဆင်ပြေစေချင် ပါတယ်"ဟု ဆန်ဆိုင်း (ခ) ရပ်ကွက်မှ ရပ်မိရပ်ဖ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက "ကျွန်တော်တို့ အုပ်ချုပ်ရေး အဖွဲ့အစည်းနဲ့ စီမံခန့်ခွဲမှုကော်မတီအနေနဲ့က ပြည်နယ်သံဃာ့မဟာနာယက ဆရာတော်ကြီးများရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဥပဒေအရ ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ ပြည်နယ်သံဃာ့နာယက ဆရာတော်ကြီးများက နစ်နာသူရဲ့ တိုင်ကြားမှုအပေါ် စွဲချက်တင်အရေးယူလိုမှုမပါပဲ စွတ်စွဲချက်အပေါ်မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်နယ်သာသနာရေး ဦးစီးဌာနတို့ရဲ့ ဆုံးဖြတ်ချက်ကိုသာ ဆောင်ရွက်တာပါ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ပုံများကိုကြည့်ရန်