ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကျပ်သိန်းပေါင်း (၂၂၆၂၄)သိန်း တန်ဖိုးရှိသည့် ဘိန်းဖြူဘလောက်တုံး (၄၀၄)တုံး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်း နှင့် စပ်လျဉ်း၍ သတင်းကွင်းဆက်များအရ သြဂုတ်လ(၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်က မိုင်းဆတ်ခရိုင်အတွင်း နယ်မြေရှင်းလင်းစဉ် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ(၂၈)ရက်နေ့က ဖမ်းဆီးရမိသော ဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆက်များအရ အမှတ်(၅၅၃)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၀င်းမြင့်ထွန်း ဦးစီးအဖွဲ့သည် သြဂုတ်လ(၅)ရက် နံနက်(၁၁)နာရီအချိန်ခန့်က မိုင်းဆတ်ခရိုင်အတွင်း နယ်မြေရှင်းလင်းရာ မိုင်းတွမ်းအုပ်စု၊ ပူနားကိုကျေးရွာအနီး ပတ်ဝန်းကျင်ရှိ လျှိုမြောင်းထဲတွင် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် အမဲရောင်အ၀ိုင်းပြား (၁၀)ပြားစီပါသည့် အထုပ်(၂၀)ထုပ်၊ ဆေးပြားပုံလောင်းခွက် (၂)လုံး၊ Wy စာလုံးတံဆိပ်ပါ သံဖြင့်ပြုလုပ်ထားသည့် မှို(၈)ခု၊ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ကဖင်းအလေးချိန် (၁၂.၅)ကီလိုခန့်၊ အဆင့်(၃)ဆင့်ရှိ ကြိုး(၂)ချောင်းပါ ဖန်အိုးငယ်(၁)လုံး၊ အဲကွန်ပရက်ဆာစက် (၂)လုံး၊ အလေးတုံး (၁၂)တုံးပါ ကီလိုချိန်ခွင်(၁)ခု နှင့် ပုံးခွံ(၂)လုံးတို့ကို ရှာဖွေတွေ့ရှိရသည့်အတွက် မိုင်းတွမ်း နယ်မြေရဲစခန်းသို့ အပ်နှံထားရှိကြောင်း သိရသည်။
အဆိုပါ နေရာဝန်းကျင်တွင် သြဂုတ်လ(၃)ရက်နေ့ ညနေ(၅)နာရီခန့်က အမှတ်(၅၈၀)ခြေမြန် တပ်ရင်းမှ ဗိုလ်မှူး ဇော်သိန်းဝင်း ဦးစီးအဖွဲ့မှ မီးစက်အသေး(၂)လုံး၊ စတီး ပေါင်းအိုး(၁)လုံး၊ ပေပါခွံ(၂)လုံးနှင့် မြေအောက်တွင် မြုပ်ထားသည့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော စတီးပေါင်းအိုး (၃)လုံးတို့အား ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ ပစ္စည်းများအား မိုင်းတွမ်းနယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။