နားဟိုင်းလုံရွာ လွယ်ခမ်းတောင် အနီးသို့ ပြည်နယ်သတ္တုတွင်းဝန်ကြီး သွားရောက်

နားဟိုင်းလုံရွာ လွယ်ခမ်းတောင် အနီးသို့ ပြည်နယ်သတ္တုတွင်းဝန်ကြီး သွားရောက်
သြဂုတ် 7, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲရှိ နားဟိုင်းလုံကျေးရွာ အနီးရှိ လွယ်ခမ်းတောင်ပေါ်တွင် ရွှေတူးဖော်နေမှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းသည် ရပ်ဆိုင်းပေးရန်နှင့်၊ လယ်မြေများထဲ စီးဝင်နေသော နုံးနှင့်သဲများ ပြန်လည်ဆယ်ယူပေးရန်အပြင် နစ်နာလျော်ကြေးငွေများ ပေးချေရန်ကိစ္စအပါအ၀င် လွယ်ခမ်းတောင်ပေါ်တွင် ရွှေတူးဖော်နေသော ကုမ္ပဏီများ၏ ဘက်ဟိုးကား(Backhoe)များကို တောင်အောက်သို့ ပြန်လည်ယူဆောင်လာရန် စသည့် ကိစ္စရပ်များကို သြဂုတ်လ(၅)ရက်နေ့က တာချီလိတ် တွေ့ဆုံညှိနှိုင်းပွဲတွင် ပြောဆို ညွှန်ကြားခဲ့ပြီးနောက် ယနေ့ သြဂုတ်လ(၆)ရက် နံနက်ပိုင်းတွင် ၀န်ကြီးသည် တာလေမြို့နယ်ခွဲ၊ နားဟိုင်းလုံကျေးရွာ၊ လွယ်ခမ်းတောင် အနီးသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်း အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ တာလေမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်နွယ် နှင့် သက်ဆိုင်ရာ ရွှေတူးဖော်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ စသည့် အဖွဲ့သည် နားဟိုင်းလုံကျေးရွာအနီးသို့ သွားရောက်ပြီး လွယ်ခမ်းတောင်ပေါ်တွင် ရွှေတူးဖော်သည့် ကုမ္ပဏီများ၏ လုပ်ကွက်များကို မှတ်တမ်းဓါတ်ပုံများ ရိုက်ယူသွားပြီး လွယ်ခမ်းတောင်၏ အခြေအနေများကို ၀န်ကြီးမှ မှာကြားပြောကြားသွားသည်။

လွယ်ခမ်းတော်ပေါ်တွင် ရွှေတူးဖော်မှုလုပ်ငန်းအား ရပ်ဆိုင်းထားရန် ၀န်ကြီးမှ ညွှန်ကြားခဲ့ပြီးနောက် လုပ်ငန်းအားလုံး ရပ်ဆိုင်းထားသည့် ကာလအတွင်း ရွှေတူးဖော်သည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ ဆန္ဒအလျောက် ဆက်လက် တူးဖော်နေမှုမျိုး မရှိစေရန်အတွက် ၀န်ကြီးက မိုင်းလင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးဝင်းအား သြဂုတ်လ(၇)ရက်နေ့တွင် ကုန်းပေါ်ရှိ ဘက်ဟိုးကား(Backhoe)များ အားလုံးကို အကုန်ဆင်းချပေးရန် ဆောင်ရွက်စေလိုကြောင်း တဆက်တည်း မှာကြားခဲ့ကြောင်း သိရသည်။

ရွှေတူးဖော်မှုများကြောင့် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ခဲ့သော နားဟိုင်းလုံ ရွာသူ၊ ရွာသားများအား နစ်နာလျော်ကြေးငွေများကို ပျက်စီးလယ်ယာမြေ တိုင်းတာမှု ပြီးမြောက်မည့် သြဂုတ်လ(၁၅)ရက်နေ့တွင် တာလေမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
နားဟိုင်းလုံ၊ လွယ်ခမ်းတောင် အနီးသို့ ပြည်နယ်သတ္တုတွင်းဝန်ကြီးမှ...

13 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~