ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် နှင့် မိုင်ပေါင်း (၁၄)မိုင်ခန့် အကွာအဝေးရှိပြီး ကျေးရွာပေါင်း (၂၇)ရွာနှင့် အိမ်ခြေ(၉၀၀)ကျော်ရှိသည့်အပြင် လူဦးရေ (၄၀၀၀)ကျော်ရှိသော မိုင်းဟဲကျေးရွာအုပ်စုတွင် မင်းခေတ်သစ် ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံကိန်း နှင့် ပတ်သက်၍ စီမံကိန်းအပေါ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်ချက်များကို ရှင်းပြခြင်း နှင့် အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမှုအဖြစ် ၂၀၁၄ခုနှစ် သြဂုတ်လ(၈)ရက် နေ့လည်(၁၂း၃၀)နာရီအချိန်က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် တွေ့ဆုံ အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေး အစည်းအဝေးသည် မိုင်းဟဲကျေးရွာအုပ်စုတွင် မင်းခေတ်သစ်ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ခြင်း ( ESIA ) တွေ့ရှိချက်များ နှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များကို ရှင်းလင်းတင်ပြသည့် အခမ်းအနားဖြစ်ရာ မင်းခေတ်သစ်ကုမ္ပဏီလီမိတက်မှ အမှုဆောင် အင်ဂျင်နီယာ ဦးလှသွင်က ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်မည့် အနေအထားနှင့် ဆောင်ရွက်စီမံထားပုံများအပြင် ဓါတ်အားဖြန့်ဖြူးမှုပုံစံများကို ပရိုဂျက်တာဖြင့် ပြသ၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ကုမ္ပဏီ(REM)မှ ဒေါ်ခင်မာထွေးက ၎င်းတို့ အနေဖြင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းအနေဖြင့် ဒေသအတွင်း ကွင်းဆင်းမှုများ ပြုလုပ်ခြင်းအဖြစ် မြေအောက်ရေ လေ့လာခြင်း၊ လေထုအရည်အသွေးတိုင်းတာချက်များ အဖြစ် ကန့်ဓါတ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ စသည်များကို တိုင်းတာစစ်ဆေးခြင်း၊ အသံဆူညံမှု တိုင်းတာခြင်းအဖြစ် ကျောက်မီးသွေးမိုင်း ဧရိယာအတွင်း နှင့် တာချီလိတ် - မိုင်းဖြတ် ကားလမ်းတစ်လျှောက် တိုင်းတာခြင်း၊ အမှိုက်စွန့်ပစ်မှု၊ စက်ရုံမှထွက်ပေါ်လာမည့် လေထုညစ်ညမ်းမှုများ၊ အပင်နှင့်သတ္တ၀ါ မျိုးစိတ်များကို လေ့လာဆန်းစစ်ခြင်း စသည်များကို တိုင်းတာစစ်ဆေးပြီးကြောင်းအပြင် ပြင်ဆင်မှုကာလနှင့် ဆောက်လုပ်ရေး ကာလအတွက် အဓိက ကာကွယ်ကုစားရေး အစီအစဉ်များအဖြစ် ညစ်ညမ်းမှု ထိန်းသိမ်းရေးနှင့် လူမှုဝန်းကျင် ကိစ္စရပ်များ၊ လုပ်ငန်းလည်ပတ်စဉ်ကာလအတွက် ကာကွယ်ပြင်ဆင်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုနှင့် စောင့်ကြပ်စစ်ဆေးမှု အစီအစဉ်များ၊ လုပ်ငန်းလည်ပတ်သည့်အခါ အဖွဲ့အစည်းပိုင်းမှ စီစဉ်ဆောင်ရွက်မှုများ စသည့် ကိစ္စရပ်များကို ကွင်းဆင်းလေ့လာခဲ့ပြီးသည်ကို ပြန်လည်၍ ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသွားသည်။
ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီးသည့်နောက်မှာ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ တည်ဆောက်ပြီးပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုး၊ ကောင်းကျိုးများ နှင့် စက်ရုံအနီးရှိ ကျေးရွာများအတွက် အကျိုးသက်ရောက်မှု ရှိမရှိစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးမှုတွင် မိုင်းဟဲကျေးရွာအုပ်စု၊ ကျောက်လိုဏ်ဂူဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်က "ကျောက်မီးသွေးစက်ရုံနှင့် အနီးအနားရှိ ကျေးရွာမှ ဘာသာရေးအဆောက်အဦများ လျှပ်စစ်မီးရရှိပါက မည်သည့်ပုံစံဖြင့် ဖြန့်ဝေပေးမည့်အကြောင်းနှင့် မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း"စသည်ဖြင့် မိန့်ကြားဆွေးနွေးတော်မူသည်။
အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်၍ မင်းခေတ်သစ်ကုမ္ပဏီလီမိတက်မှ အမှုဆောင် အင်ဂျင်နီယာ ဦးလှသွင်က "လျှပ်စစ်နှုန်းထားများကို လတ်တလောတွင် သတ်မှတ်လို့မရကြောင်းနှင့် လုပ်ငန်းပြီးစီးသွားသည့် အခါမှသာ လျှပ်စစ်ထွက်အားပေါ် မှုတည်ပြီး ဈေးနှုန်းများကို သတ်မှတ်လို့ ရနိုင်မှာဖြစ်သော်လည်း လက်ရှိရောင်းချနေသော ဓါတ်အားဈေးနှုန်းထက် လျော့မှာဖြစ်ကြောင်း"ပြန်လည် လျှောက်ထားဖြေကြားသွားသည်။
ကျားခေါင်းပါတီက "ကျောက်မီးသွေးစက်ရုံကြောင့် ပတ်ဝန်းကျင်ထိခိုက်လာမည်ဆိုပါက စက်ရုံအား ပိတ်သိမ်းနိုင်ခြင်းရှိမရှိ"ဆိုသည့် မေးခွန်းအပေါ် မင်းခေတ်သစ်ကုမ္ပဏီလီမိတက်မှ အမှုဆောင် အင်ဂျင်နီယာ ဦးလှသွင်က "ပတ်ဝန်းကျင် ထိခိုက်တာမျိုးဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်လို့ စံချိန်စံညွှန်းနဲ့ မညီဘူးဆိုပြီး ပိတ်သိမ်းပါဆိုရင်တော့ ကျွန်တော်တို့လည်း ပိတ်သိမ်းရမှာပဲ ဒါကလည်း ဥပဒေအရပဲ"ဟု ပြန်လည်ဖြေကြားသည်။
တာချီလိတ်မြို့နယ် NLD မှ အတွင်းရေးမှူး ဦးခင်မောင်တင့်က "အခုရှင်းပြတဲ့အထဲမှာ အချက်အလက်တွေက တအားကောင်းနေတယ်၊ ဆိုးကျိုးကို ထိထိမိမိရှင်းပြထားတဲ့ဟာ မပါဘူး၊ စက်နဲ့ ပတ်သက်ပြီးတော့ ဆိုးကျိုးမပါဘူး၊ မြေနဲ့ပတ်သက်ပြီးတော့ ဆိုးကျိုးမပါဘူး၊ ကျွန်တော်တို့ အဓိက သိချင်တာက ဆိုးကျိုးတွေကို သိချင်တာ၊ ဆိုးကျိုးတွေအပေါ်မှာ ဘယ်လို တာဝန်ခံမလဲ၊ ဘယ်လိုတာဝန်ယူမလဲ၊ တာဝန်ခံမှု တာဝန်ယူမှုကို ဘယ်လိုလုပ်မလဲဆိုတာကို ကျွန်တော်တို့က အဓိကထား လိုချင်နေကြတယ်၊ ဆိုးကျိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပေါ်မှာ မြေယာရဲ့ တန်ကြေးကို ပေါက်ဈေးနဲ့ လျော်မှာလား၊ အစိုးရဈေးနဲ့လျော်မှာလား၊ ကျန်းမာရေးဆိုးကျိုးတွေကို ဘယ်လိုအာမခံနည်းနဲ့ ကုသပေးမှာလဲ အဲ့ဒါတွေကို တိုင်းရင်းသားတွေကို နားလည်အောင် ရှင်းပြပေးဖို့လိုပါတယ်.."ဟု ဆွေးနွေးတင်ပြသွားသည်။
ဆက်လက်ပြီး ရွာသားများကိုယ်စားလှယ်တစ်ဦးက " ရွာသူရွာသားများ၏ အဓိက လုပ်ငန်းခွင်သည် ကျောက်မီးသွေးစက်ရုံ၏ အနောက်ဘက်ခြမ်းတွင် ဖြစ်နေပြီး ကျောက်မီးသွေးလည်း အဆိုပါနေရာတွင် ထုတ်သည့်အတွက် အလုပ်သာ လုပ်နေရတာ စိတ်မချမ်းသာကြောင်း၊ နိုင်ငံတော်က မြေဧကမည်မျှ ချပေးထားကြောင်းနှင့် ၎င်းတို့၏ မြေယာများလည်း ပါသွားမည်ကို စိုးရိမ်ကြောင်း"ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးသွားသည်။
မင်းခေတ်သစ်ကုမ္ပဏီမှ "လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ မီးခိုးခေါင်းတိုင်ကို သတ်မှတ်ထားတဲ့ အမြင့်အတိုင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်းနှင့် စက်ပစ္စည်းများသည် နောက်ဆုံးပေါ် စက်ပစ္စည်းများဖြင့် လည်ပတ်သွားမှာဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများကိုလည်း စွန့်ပစ်စရာမရှိအောင် အသုံးပြုသွားမှာဖြစ်ပြီး စွန့်ပစ်ပစ္စည်းများကို လမ်းခင်းသည့်အထဲတွင် အသုံးပြုသွားမှာဖြစ်ကြောင်း နှင့် လယ်ယာမြေများတွင် စိုက်ပျိုးမှုများ နှင့် ပတ်သက်၍ ဧက(၂၅၀)ထဲတွင် ရွာသူ၊ ရွာသားများအနေဖြင့် စိုက်ပျိုးလိုက ပေးစိုက်ကြောင်း၊ သို့သော်လည်း မိမိတို့ လုပ်ငန်းနှင့် ပတ်သက်၍ ဒီတစ်နှစ် ဒီနေရာစိုက်၊ ပြီးလျှင် နောက်တစ်နှစ် ဟိုနေရာမှာ စိုက်ပေးပါ စသည်ဖြင့် အသိပေးပြောကြားသွားမှာဖြစ်ကြောင်း"စသည်ဖြင့် ပြန်လည်ရှင်းလင်းပြောကြားသွားသည်။
အဆိုပါ ဆွေးနွေးမှုတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များ၊ မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ကုမ္ပဏီ(REM)မှ ဒေါ်ခင်မာထွေး နှင့် အဖွဲ့ဝင်များ၊ မင်းခေတ်သစ်ကုမ္ပဏီမှ MD ဦးမောင်မောင် နှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မိုင်းဟဲကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရွာသူရွာသားများ စုံလင်စွာဖြင့် တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။
မင်းခေတ်သစ် ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်း နှင့် ပတ်သက်၍ ဆွေးနွေးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ၂၀၁၄ခုနှစ် ဧပြီလ(၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီးကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်