မိုင်းဆတ်ခရိုင်အတွင်း ကျပ်သိန်းပေါင်း ၆၅၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မိုင်းဆတ်ခရိုင်အတွင်း ကျပ်သိန်းပေါင်း ၆၅၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
သြဂုတ် 10, 2014
By Tachileik News Agency

မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုက်ဖျက်ရေးအနေဖြင့် တပ်မတော်နှင့်မူးယစ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကာ မိုင်းဆတ်ခရိုင်အတွင်းရှိ ပူနားကိုကျေးရွာ နှင့် အနီးဝန်းကျင်များကို နယ်မြေရှင်းလင်း၍ ရှာဖွေ သိမ်းဆည်းမှုများကို ဆောင်ရွက်နေလျက်ရှိရာ ဇူလိုင်လ (၃၀)ရက်နေ့မှစ၍ ယနေ့ သြဂုတ်လ(၁၀)ရက်နေ့ အထိ မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို နေ့စဉ်ရက်ဆက် ရှာဖွေသိမ်းဆည်းရမိနေကြောင်း သတင်းရရှိသည်။

ယနေ့ သြဂုတ်လ(၁၀)ရက်နေ့တွင် ခြေမြန်တပ်ရင်း အမှတ် (၅၈၀)နှင့် မူးယစ်တပ်ဖွဲ့စု (၃၀)မှ တပ်ဖွဲ့ဝင်များသည် မိုင်းဆတ်ခရိုင်၊ စတုံးအုပ်စု၊ မယ်ကြုတ်(၂)ရွာ အရှေ့တောင် ဘက်(၂)မိုင်ခန့် အကွာ လျှိုမြောင်တောင်ကြောများ အကြား၌ နယ်မြေရှင်းလင်းစဉ် ကျပ်သိန်းပေါင်း (၆၅၀၀၀)ခန့်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ နှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ထိုသို့ ရှာဖွေရရှိရာတွင် ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၄၈၁၀)သိန်း တန်ဖိုးရှိသည့်  Wy စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၆၇၂၀၀၀)ပြား၊ ကာလတန်ဖိုး ကျပ်(၁၁၂၀)သိန်း တန်ဖိုးရှိသည့် ဘိန်းဖြူဘလောက်တုံး(၂၀)တုံး အလေးချိန်(၇)ကီလို၊ ၊ ကာလတန်ဖိုး ကျပ်(၁၀၅၀၀)သိန်း တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြားအမှုန့်(အခြောက်) (၄၂)ကီလို၊ ကာလတန်ဖိုး (၁၀၅၀၀) သိန်း တန်ဖိုးရှိသည့် ပန်းရောင်စိတ်ကြွ ဆေးပြားအမှုန့်(အစို) (၄၂)ကီလို၊ ၊ ကဖင်း(၂)အိတ်၊ အလေးချိန်(၃၅.၅)ကီလို၊  ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၁၈၀)သိန်း တန်ဖိုးရှိ ဘိန်းစိမ်း(၁၈)ကီလို တို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ယင်းအပြင် ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၅၀)သိန်း တန်ဖိုးရှိ ကော်မှုန့်(၁၀၀)ကီလို၊ ၊ အနံ့ဆေးရည် (၁၁)လီတာ၊ အမွှေးရည်ပုလင်း(၃)ပုလင်း၊ ချစ်ကြည်ရေးတံဆိပ်တုံးမျိုးစုံ(၉)ခု၊ မှင်ဘူးအနီရောင်(၄)ဗူး၊ အင်းပတ်(၄)ခု၊ ဒလက်ပါစတီးမွှေစက်(၁)လုံး၊ အပြာရောင် ကပ်ခွါအိတ်(၅၀၀၀)အိတ်၊ ရှမ်းစက္ကူ(၁၈၀)ရွက်နှင့် အ၀ါရောင်ဖယောင်း စိမ်စက္ကူ (၁၅၀)ရွက်တို့အား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသဖြင့် မိုင်းတွမ်းနယ်မြေရဲစခန်းမှ မယ(ပ)၁၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၁၉(က)/၂၀(က) အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က ကျပ်သိန်းပေါင်း (၂၂၆၂၄)သိန်း တန်ဖိုးရှိသည့် ဘိန်းဖြူဘလောက်တုံး (၄၀၄)တုံး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်း နှင့် စပ်လျဉ်း၍ မိုင်းဖြတ်ခရိုင်အပိုင် ပူနားကိုကျေးရွာ နှင့် ကျေးရွာဝန်းကျင်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကင်းစင်ရေးအဖြစ် ပူးပေါင်းအဖွဲ့တို့ ဆောင်ရွက်ရာ ဇူလိုင်လ(၃၀)ရက်နေ့မှ ယနေ့ သြဂုတ်လ (၁၀)ရက်နေ့တို့တွင် ပိုင်ရှင်မဲ့အဖြစ် ရှာဖွေရရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတွင် ယနေ့ ရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ အများဆုံးဖြစ်ကြောင်းလည်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~