တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နှင့် အနီးကပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသား အလုပ်သမားများမှ စုပေါင်း၍ မယ်ဆိုင်မြို့အတွင်းရှိ မြန်မာကလေး သူငယ်များအား လိမ္မာယဉ်ကျေး သိမ်မွေ့စေရန်နှင့် ဘာသာတရား သိရှိနားလည် စေရန်အတွက် အထူးရည်ရွယ်ကာ ဓမ္မစကူးလ်ကျောင်းတော်(မယ်ဆိုင်)အား ၂၀၁၄ခုနှစ် သြဂုတ်လ(၁၀)ရက် မွန်းလွှဲပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပီယဖောင်းရပ်ကွက်၌ ဖွင့်ပွဲ အခမ်းအနားအား အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဓမ္မစကူးလ်ကျောင်းတော်(မယ်ဆိုင်)ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးခဲ့မှုနှင့် စပ်လျဉ်း၍ "ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့ ရင်သွေးငယ်လေးတွေကို လိမ္မာယဉ်ကျေးစေရန်အတွက် ဗုဒ္ဓရဲ့အဆုံးအမတွေကို သင်ကြားပေးတဲ့ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်ချင်တဲ့အကြောင်း ကျွန်တော်တို့ကို လာရောက်ဆွေးနွေးပါတယ်၊ အဲ့လိုဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ကလည်း သူတို့ကို ၀မ်းပမ်းတသာနဲ့ ကြိုဆိုပြီးတော့မှ လိုအပ်တဲ့ အကူအညီတွေကို ပေးခဲ့ပါတယ်။ ကျောင်းမှာသင်ကြားမဲ့ ပြဌာန်းစာအုပ်တွေဖြစ်တဲ့ ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းစာအုပ် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းစာအုပ်တွေကို ဗဟိုနဲ့ ဆက်သွယ်ပြီးတော့ မှာယူပေးခဲ့ပါတယ်။ လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းတွေ ယောဂီတဘက်တွေ ၀တ်စုံတွေ ကို စီစဉ်ဆောင်ရွက် ပေးခဲ့ပါတယ်.."ဟု တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်မှ အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ဓမ္မစကူးလ်ကျောင်းတော်(မယ်ဆိုင်) အလုပ်အမှုဆောင် ဥက္ကဌ ဦးမျိုးက "ကလေးသူငယ်များအား ဓမ္မစကူးလ်မှာ သင်ကြားပေးသည့် စာများကိုလည်း သင်ကြားပေးမည့်အပြင် ဓမ္မစကြာ သင်ကြားပြသမှုများ နှင့် သြကာသရှင်းတမ်းများ၊ ဗုဒ္ဓ၀င်ရှင်းတမ်းများကိုပါ သင်ကြားပြသပေးမှာဖြစ်ကြောင်း၊ ထိုင်းစာ ကိုလည်း သင်ပေးမှာဖြစ်ကြောင်း၊ ထိုင်းစာသင်ကျောင်းမှာ သင်ကြားနေသည့် မြန်မာနိုင်ငံသားများလည်းရှိရာ မြန်မာစာမတတ်သည့် ကလေးများအတွက် မြန်မာစာကို ဆက်လက်သင်ကြားပေးမှာဖြစ်ကြောင်း နှင့် ဓမ္မစကူးလ်ကျောင်းတော်မှ ထူးချွန်သည့် ကလေးသူငယ်များကိုလည်း ကွန်ပျူတာသင်တန်းပါ ပို့ချပေးသွားမှာ" ဖြစ်ကြောင်း တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ဓမ္မစကူးလ်ကျောင်းတော်ကို ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ "ဓမ္မစကူးလ်ကျောင်းတော်ကို မယ်ဆိုင်မှာ ဖွင့်လှစ်တဲ့အတွက် မိဘတစ်ယောက်အနေနဲ့ ပီတိဖြစ်ပါတယ်၊ မယ်ဆိုင်က မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေအတွက် ဓမ္မစကူးလ်ဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဘာသာ၊ သာသနာ နဲ့ လူမျိုးအတွက်ရော အဓွန့်ရှည်မယ်လို့ ယုံကြည်ပါတယ်၊ ကလေးတွေရဲ့ အနာဂတ်ကိုလည်း အစ်မတို့က မျှော်လင့်ပါတယ်၊ ဖွင့်ပေးတဲ့ ဆရာ၊ ဆရာမတွေ၊ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဒီ ဓမ္မစကူးလ်ဖြစ်မြောက်အောင် ဖွင့်ပေးတဲ့ ပံ့ပိုးပေးတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်"ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်သက်က တာချီလိတ်အွန်လိုင်းသို့ ၀မ်းမြောက်စွာဖြစ် ပြောပြလာသည်။
မယ်ဆိုင်မြို့ ဓမ္မစကူးလ်ကျောင်းတော်၌ လက်ရှိတွင် သင်ကြားမှု ဆရာ၊ ဆရာမဟူ၍ သီးခြားမရှိသေးသည့် အတွက် နောင်ခမ်းအောင်ဆုပန် ဘ/ကကျောင်းမှ ဆရာ၊ ဆရာမများနှင့် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်မှ ဆရာ၊ ဆရာမများဖြင့် သင်ကြားပို့ချ ပေးသွားမှာဖြစ်ကြောင်း နှင့် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်မှ သင်ကြားမှု ဆရာ၊ ဆရာမများ ထပ်မံ ပေါ်ပေါက်ရေးအတွက် တတိယအကြိမ်အဖြစ် ဆင့်ပွားဆရာဖြစ် သင်တန်းကိုလည်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။