ပျံကျဈေးသည်များ အားလုံး ဆိုင်ခန်းရရှိရေးအတွက် ညှိနှိုင်းဆွေးနွေး

ပျံကျဈေးသည်များ အားလုံး ဆိုင်ခန်းရရှိရေးအတွက် ညှိနှိုင်းဆွေးနွေး
သြဂုတ် 13, 2014
By Tachileik News Agency

တာချီလိတ်မြို့၊ ၀မ်ကောင်းမြို့မဈေး စီမံကိန်းလုပ်ငန်းတွင် ဈေးအပြင်တန်းနေရာ၌ ခုံများဖြင့် ရောင်းချ၍ အသက်မွေးဝမ်းကျောင်းနေကြရသော ပျံကျဈေးသည်များအတွက် ဆိုင်ခန်းနေရာများရရှိပြီး ဈေးရောင်းနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ(၁၂)ရက် ညနေ(၄)နာရီအချိန်က တာချီလိတ် မြို့နယ် စည်ပင်သာယာရေး ဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ဇင် က ၀မ်ကောင်းမြို့မဈေး ပျံကျဈေးသည်များမှ ဈေးပြီးလုဖြစ်နေသည့် အချိန်ထိ ဆိုင်ခန်းနေရာ မရရှိသေးသဖြင့် ဆိုင်ခန်းနေရာများ ရရှိရေးအတွက် ပြည်သူများမှ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ထံတွင် သွားရောက် အကူအညီတောင်းခံခြင်း များရှိနေပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အနေဖြင့်လည်း ပြည်သူများ တင်ပြလာခြင်းအပေါ် ကူညီဖြေရှင်းပေးရမှာ ဖြစ်သကဲ့သို့ မိမိတို့ စည်ပင်သာယာရေးအဖွဲ့ အနေဖြင့်သော်လည်းကောင်း၊ စည်ပင်ကော်မတီအဖွဲ့ဝင်များ အနေဖြင့် သော်လည်းကောင်း ပြည်သူနှင့် ဈေးဆောက်လုပ်သည့် ကုမ္ပဏီတို့ အဆင်ပြေစေလိုခြင်း၊ ဈေးဆောက်လုပ်ပြီးသည့် နောက်မှာလည်း နာမည်ကောင်းရစေချင်သည့် စိတ်စေတနာကောင်းများ ထားရှိပါသဖြင့် ယခုလို ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး ညှိနှိုင်းပေးရန် ပြောကြားသည်။

ဆက်လက်ပြီး မင်းခေတ်သစ်ကုမ္ပဏီ မှ MD ဦးမောင်မောင်က ဈေးသူ၊ ဈေးသား ပြည်သူများအပေါ် မိမိတို့ ကုမ္မဏီမှ ဈေးဆောက်လုပ်သည့် နေ့မှစပြီး ယနေ့တိုင် စေတနာထား ရှိပါကြောင်း၊ ဈေးသည် အားလုံးကိုလည်း အဆင်ပြေစေလိုပါကြောင်း၊ ယနေ့ညှိနှိုင်းပွဲမှ ရရှိသော ညှိနှိုင်းချက်များကိုလည်း အမြန်ဆုံး စာထုတ်ပေးစေလိုပါကြောင်း၊ ကုမ္ပဏီအနေဖြင့် အမျိုးမျိုး လိုက်လျှောမှုများ ပေးခဲ့ပြီးဖြစ်သလို ထပ်မံပြီးလည်း လိုက်လျောပေးမှာ ဖြစ်ပါကြောင်း၊ ထိုသို့ လိုက်လျောရာတွင် မိမိတို့ကုမ္ပဏီအနေဖြင့် ဆုံးရှုံးမှုများစွာ ရှိနေခြင်းကိုလည်း အစည်းအဝေး တက်ရောက်လာသော လူကြီးများမှ တဆင့် ဈေးသူဈေးသားများကို ပြန်လည်ဖြန့်ဝေ ရှင်းလင်းပေးပါရန် ပြောကြားသွားသည်။

ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးဘိုစံက  အဆိုပါ ညှိနှိုင်းပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ခရီးထွက်နေသဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်ပေးချက်အရ မိမိနှင့်အတူ (၅)ဦး တက်ရောက်ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ၀မ်ကောင်း(မြို့မဈေး) ဆိုဒ်ပလန် ရေးဆွဲထားရာတွင် ယခင်က ရေးဆွဲထားသည့် အခန်းများထက် ယခု ဆိုင်ခန်းများ ပိုမိုများနေသည်ဟု ကြားသိရပါကြောင်း၊ နောက်ဆုံး ဆိုင်ခန်း မည်မျှရှိသည်ကို သိလိုပါကြောင်း ၊ ပျံကျဈေးသည် (၈၆)ဦး အဆင်ပြေစွာ ဈေးရောင်းနိုင်ရေးအတွက် မြေညီထပ်တွင် စီစဉ်ပေးနိုင်ပါက ကုမ္ပဏီနှင့် စည်ပင်အဖွဲ့မှ စီစဉ်ပေးနိုင်ပါရန် တင်ပြသွားသည်။

ဆက်လက်ပြီး ဒေါ်အိတင်ဇာမျိုး မှ အကောက်ခွန်လမ်းဘက်တွင် ရောင်းချနေသည့် ပျံကျ ဈေးသည်များလည်း ရှိပါကြောင်း အဆိုပါ ပျံကျ ဈေးသည်များကိုလည်း ဆိုင်ခန်းပေးမည်၊ မပေးမည်ကို သိလိုပါကြောင်း တင်ပြသွားသည်။

ဦးဘိုစံ၏ မေးမြန်းချက်၊ ဒေါ်အိတင်ဇာမျိုး၏ မေးမြန်းချက်များနှင့် ပတ်သက်ပြီး စည်ပင် အင်ဂျင်နီယာမှူး ဦးလှမျိုးမှ ရှင်းလင်းရာတွင် ၀မ်ကောင်းမြို့မဈေး၊ မြေညီထပ်ဆိုင်ခန်းအားလုံး (၂၁၆)ခန်းရှိပါကြောင်း၊ အဆိုပါ အခန်းများတွင် မူလဆိုင်ခန်းပိုင်ရှင်များကို မဖြစ်မနေ ပြန်လည်ပေးရမည့် ဆိုင်ခန်း (၂၀၂)ခန်း ရှိပါကြောင်း၊ (၂၁၆)ခန်းမှ ပေးရမည့်အခန်း(၂၀၂)ကို နှုတ်ပါက (၁၄)ခန်းသာ ကျန်ရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါကျန် (၁၄)ခန်းမှာ ယခင် စည်ပင်ဆိုင်ခန်း(၆)ခန်း နှင့် အပေါ်ထပ်တက်ရန် လမ်းကျဉ်းနေသဖြင့် ပြန်လည်ချဲ့ရာမှာလည်း အခန်းများ လျှော့သွားအုံးမှာဖြစ်ပါကြောင်း၊ ပျံကျဈေးသည်များကို လူတိုင်းစေ့ ဆိုင်ခန်းချပေးနိုင်ရေး အတွက်မှာလည်း တစ်ဦးတည်းဖြင့် နှစ်ခန်း၊ သုံးခန်းအမည်ပေါက်နေသည်များကို လျှော့ကာ လူတိုင်းစေ့ အခန်းချပေးရန် ကုမ္ပဏီ မှ အမြန်ဆုံးဆောင်ရွက်ပေးသင့်ပါကြောင်း ရှင်းလင်းသွားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင် ဦးထိန်မင်းမှလည်း ပြည်သူအတွက် ကုမ္ပဏီအနေဖြင့် ဈေးသူဈေးသား ပြည်သူများအတွက် လိုက်လျောမှုများအပေါ် မိမိအနေဖြင့်ကျေနပ် ၀မ်းသာမိပါကြောင်း၊ ယခု အပေါ်ထပ်တက်လမ်းကိုလည်း မဖြစ်မနေ ချဲ့ပေးရမှာဖြစ်သလို မြေညီထပ်မှာလည်း လေ၀င်လေထွက် ကောင်းမွန်ရေး၊ အလင်းရောင် ရရှိရေးများကိုလည်း မဖြစ်မနေ ဆောင်ရွက်ပေးစေလို ပါကြောင်း ၊ ယခုညှိနှိုင်းပွဲမှ ဆုံးဖြတ်ချက်များကို အမြန်ဆုံး စာထုတ်ခြင်းများ လုပ်ဆောင်ပြီး ကုမ္ပဏီမှလည်း အမြန်ဆုံး ပုံချောထုတ်ခြင်း ဈေးနှုန်းသတ် မှတ်ခြင်းများ ပြုလုပ်ပေးရန် ရှင်းလင်း ဆွေးနွေးသွားသည်။

ယင်းဆွေးနွေးပွဲမှ ဆွေးနွေးချက်များသည် ပျံကျဈေးသည်များ အားလုံး ဆိုင်ခန်းရရှိရေးအတွက် စေတနာထား ညှိနှိုင်းထားခြင်းဖြစ်သဖြင့် ညှိနှိုင်းချက်များအတိုင်း ကုမ္မဏီမှ လုပ်ဆောင်သွားရန်၊ ကျေနပ်မှုမရှိသော ဈေးသည်များ ရှိခဲ့လျှင်လည်း တရားဥပဒေ အရသာ ၎င်းတို့မှ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ဈေးဆိုင်များကို စနစ်တကျ ထားရှိရေးများကိုလည်း စည်ပင်မှ စနစ်တကျ ကုမ္ပဏီဖြင့် ပူးပေါင်း လုပ်ဆောင်ရမှာ ဖြစ်ပါကြောင်း စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ဇင် မှ ဆွေးနွေးပြီး ညှိနှိုင်းပွဲကို ရုတ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။   ။ သာစည်မျိုးသန့်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~