မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ တိုက်ရိုက်ကွပ်ကဲသည့် Mobile Team ( တာချီလိတ် )သည် တာချီလိတ်မြို့၏ အ၀င်ပေါက်၊ အထွက်ပေါက် (၄)ပေါက်ကို ပိတ်ဆို့၍ ပညာပေးကာလအဖြစ် ၂၄-၆-၂၀၁၄ ရက်နေ့မှ ၁၅.၈.၂၀၁၄ အထိ သတ်မှတ်ထားခဲ့ပြီးနောက် ၁၆.၈.၂၀၁၄ရက်နေ့မှ စတင်၍ အရေးယူကာလအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ကြေငြာထားချက်အရ သိရသည်။
" Mobile Team ပညာပေးကာလမှာတောင် ထမိန်တစ်ထည်တောင် မလွတ်မပေးပဲ အခွန်ဆောင်ခိုင်းနေတဲ့ အဖြစ်ကနေ အခု အရေးယူတဲ့ ကာလရောက်ပြီဆိုတော့ ကျွန်မတို့လည်း မဟုတ်တဲ့ အလုပ်ပဲ သွားလုပ်ရမဲ့ အခြေအနေဖြစ်နေပြီ.."ဟု ကားလေးဖြင့် တပိုင်တနိုင် ကုန်ပစ္စည်းပို့သည့် အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ရင်ဖွင့်သည်။
ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက "ပြည်နယ်ဝန်ကြီးချုပ်က မိမိပြည်နယ်အတွင်းမှာ ဗဟိုကော်မတီရဲ့ တိုက်ရိုက်ကွပ်ကဲ လမ်းညွှန်ချက်နဲ့ လုပ်တယ်ဆိုတဲ့ ဒီ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က အထိုက်အလျောက် လျော့လျော့ပေါ့ပေါ့ လုပ်တာမဟုတ်ပဲနဲ့ ဒီဒေသက လူတွေကို ကောင်းရောင်း၊ ကောင်းဝယ် လုပ်စားလို့မရအောင် လုပ်နေသလိုဖြစ်တဲ့ ကိစ္စကို လက်ပိုက်ကြည့်နေသလားဗျာ...."ဟု မခံမရပ်နိုင်ဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
"တောင်ပေါ်သားတစ်ချို့လည်း အခုနောက်ပိုင်း ကုန်သည်လုပ်ငန်းကို လုပ်လာကြတယ်၊ နယ်စပ်ကုန်သွယ်ရေးက ဒီလိုမျိုး လျော့ပေါ့မပေးပဲ အတင်းအကျပ်ကြီး ပိတ်ဆို့နေတာမျိုး ဆိုရင်တော့ တာချီလိတ်ဟာ မကောင်းမှုလုပ်ငန်း အလွန်ပေါတဲ့ဒေသ၊ လောင်းကစားနဲ့ တရားမဝင်ဆေးဝါး အလွန်ပေါတဲ့ ဒေသဖြစ်သလို မကောင်းမှု ဒုစရိုက် အလွန်ပေါတဲ့ နေရာမျိုးမှာ ကောင်းရောင်းကောင်းဝယ် လုပ်စားလို့မရခဲ့ရင် လမ်းမှားရောက်ဖို့ သိပ်မဝေးတော့ပါဘူး၊၊ သက်ဆိုင်ရာ လူကြီးများ အနေနဲ့ကလည်း မိမိတို့ ဌာန ဘဏ္ဍာတိုးဖို့ပဲ မစဉ်းစားစေချင်ပါဘူး၊ ပြည်သူ့တွေရဲ့ စားဝတ်နေရေးကို ထည့်တွက်သင့်ပါတယ်"ဟု ကျိုင်းတုံ - တာချီလိတ် ကုန်သည်တစ်ဦးဖြစ်သူ ဦးစိုင်းလှက သုံးသပ်ပြောကြားလာသည်။
"အခုက တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးသာဆိုတယ် ဒေသခံ တိုင်းရင်းသား ပြည်သူတွေအတွက် ကောင်းကျိုးတစ်ခုမှ မရှိဘူး၊ ၅ ဘတ်တန် ပစ္စည်းကို ၁၀ ဘတ်ပေးစားရတဲ့ အခြေအနေမျိုး ရောက်သွားသလို ငွေအနည်းငယ်လေးနဲ့ ရင်းနှီးလုပ်ကိုင် စားသောက်တဲ့ လူတွေလည်း ခေါင်းမထောင်နိုင်အောင်ကို ဖြစ်သွားတယ်"ဟု တာချီလိတ် ကားလေးကွင်းမှ တပိုင်တနိုင် ကုန်ပစ္စည်း သယ်ယူရောင်းချသူ တစ်ဦးမှလည်း ပြောလာသည်။
တောင်ကြီး - တာချီလိတ် ယာဉ်လိုင်း တာဝန်ခံတစ်ဦး က"နိုင်ငံတော်က ချမှတ်ထားတဲ့ ဆင်းရဲသား ပပျောက်ရေးဆိုတာ ဆင်းရဲသားတွေ စားဝတ်နေရေး ပြေလည်လာအောင် ပြောတာပါ၊ အခု နယ်စပ်ကုန်သွယ်ရေး Mobile Team လုပ်နေပုံကတော့ ဆင်းရဲသားတွေ ပေါများလာရေးကို အဓိက လုပ်နေသလိုဖြစ်နေတယ်၊ ပြည်သူကို အမှန်တကယ်ကြည့်တာရော ဟုတ်ရဲ့လားလို့ ပြန်မေးရမလိုပဲဗျာ..."ဟု ပြောသည်။
"ဂျူတီတစ်ခါဆောင်ရင် (၂)ရက်ကြာတယ်၊ လိုင်စင်ပါထုတ်ရင် (၃)ရက်၊ အကောက်ခွန်ရုံးမှာဆိုရင် ပွဲကျနေတာပဲ၊ လုပ်ငန်းလည်း အရမ်းကြန့်ကြာတယ်၊ အဲ့ဒီအပြင် မယ်ယန်းဂိတ်မှာ စစ်ရင်လည်း အချိန်က (၂)နာရီ (၃)နာရီလောက်ကြာတော့၊ ယာဉ်တန်းက အရှည်ကြီးဖြစ်သွားတယ်၊ Mobile Team အစပြုလုပ်မှပဲ ကျွန်မတို့ အပါအ၀င် ကုန်သည်အမျိုးမျိုး ဒုက္ခရောက်ရတော့တာပဲ"ဟု ဂျူတီသွားရောက် ပြုလုပ်သည့် လုပ်ငန်းတာဝန်ခံ တစ်ဦးမှလည်း ပြောလာသည်။
တာချီလိတ်မြို့ ကားလေးကွင်းမှ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက "တာချီလိတ် အ၀င်အထွက် ပေါက်တွေမှာက အဓိက ကတော့ မယ်ယန်းဂိတ်ပဲ ဒီဂိတ်ကနေ ဘယ်ပစ္စည်းမှ အလွတ်မပေးဘူး၊ တပိုင်တနိုင်လည်း နားမလည်ဘူး၊ အဲ့ဒီအခါကြတော့ လိုင်းပေါင်းစုံ ယာဉ်တွေ မထွက်ရဲတော့ဘူး၊ ဘာလို့လဲဆိုတော့ ဆောင်ရမဲ့ အခွန်အခနဲ့ ရတာနဲ့က တစ်ချို့ဆို ဆီဖိုးတောင် အိတ်စိုက်ဖြစ်နေကြတော့၊ ယာဉ်လိုင်းတွေ အခု အခက်အခဲတော်တော်ဖြစ်နေကြတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ၎င်းတို့၏ အခက်အခဲကို ပြောပြသည်။
တာချီလိတ် မှ နယ်ဘက်သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သူ ယာဉ်လိုင်း တာဝန်ခံတစ်ဦးက "သက်ဆိုင်ရာကတော့ ကုန်သွယ်မှု မြှင့်တင်နိုင်လို့ အခွန်ဘဏ္ဍာငွေ ဘယ်လောက်ရတယ် ဘာညာနဲ့ ဂုဏ်ယူနေချိန်မှာ ကျွန်တော်တို့ ကုန်သည်တွေကတော့ မျက်ရည်ကျရတဲ့ အဖြစ်ပေါ့ဗျာ၊ ကျွန်တော်တို့လည်း အခွန်ဆောင်ပါတယ်၊ သို့သော်လည်း ဖြေလျှော့မှုမရှိတဲ့အတွက် ကုန်သည်အားလုံး ဘယ်သူမှ မသက်သာကြဘူး၊ အခုဆို ကျွန်တော်တို့ ရဲ့ ကုန်ပစ္စည်းတွေ မထွက်ရဲတော့ဘူး၊ ထွက်လိုက်ရင်လည်း ဂိတ်ရောက်ရင် နောက်ပြန်လှည့်ခွင့် မရှိဘူး၊ ရတဲ့အကျိုးအမြတ်က ဘာမှသိပ်ကျန်တာ မဟုတ်ဘူးဗျာ၊ လျော့ပေါ့ဖို့လည်း သူတို့ စဉ်းစားပုံမရဘူး၊ စိတ်တွေလည်း ညစ်လာပြီး ဒီထက်ဆိုးရင်တော့ ကုန်သည်တွေ အားလုံးစုပြီး သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းပြီး ဥပဒေနဲ့အညီ ဆန္ဒဖော်ထုတ်ရတော့မယ်"ဟု ငြီးငြူ၍ ပြောလာသည်။
တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ကြေငြာထားချက်တွင် "Mobile Team (တခလ)သည် စစ်ဆေးခံမည့် ယာဉ်ပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်းနှင့် Manifest တွင် တင်ပြသည့် ကုန်ပစ္စည်းကွဲလွဲမှုရှိခြင်း၊ ခွင့်ပြုထားသည့် အရေအတွက်ထက် ပိုမို သယ်ဆောင်လာခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက ကုန်ပစ္စည်းများအား သိမ်းဆည်းခြင်း၊ ကုမ္ပဏီကိုယ်စားလှယ် (သို့မဟုတ်) ယာဉ်မောင်းတို့အား ပို့ကုန်၊ သွင်းကုန် ဥပဒေ (၂၀၁၂) နှင့် အညီ အရေးယူခြင်း၊ ယာဉ်အား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန(၄/၂၀၁၄) အမိန့်ညွှန်ကြားချက်နှင့်အညီ အရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ထပ်မံအသိပေး အကြောင်းကြားပါသည်။" ဟု ဖော်ပြထားရှိသည်။
တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည်နှင့်အညီ အဓိက စီးပွားရေးအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိရာ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ တိုက်ရိုက်ကွပ်ကဲသည့် Mobile Team စီမံချက်အား ၂၄.၆.၂၀၁၄ မှစ၍ တာချီလိတ်၌ ဆောင်ရွက်လာခဲ့ရာ တာချီလိတ်မြို့ရှိ ဒေသခံ တိုင်းရင်းသား၊ ပြည်သူလူထုတို့၏ စားဝတ်နေရေးနှင့် စီးပွားရေးများမှ Mobile Team စီမံချက် မပြုလုပ်မီ အချိန်ကာလ နှင့် ယခု ကာလမှာ ခြားနားသွားခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများမှာ နယ်စပ်ကုန်သွယ်ရေးမှ ဒီထက် လျော့ပေါ့ပေးမှုမရှိတော့ပါက တရားဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။