Wy စာတမ်းပါ စိတ်ကြွဆေးပြား သံမဏိရိုက်မှိုများ မိုင်းဆတ်၌ နယ်မြေရှင်းရင်း ရှာဖွေတွေ့ရှိ

Wy စာတမ်းပါ စိတ်ကြွဆေးပြား သံမဏိရိုက်မှိုများ မိုင်းဆတ်၌ နယ်မြေရှင်းရင်း ရှာဖွေတွေ့ရှိ
သြဂုတ် 21, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင် အတွင်းရှိ ပူနားကိုကျေးရွာ အနီးဝန်းကျင် နှင့် မယ်ကြုတ်ကျေးရွာ အနီးဝန်းကျင်တို့ကို မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ အထူးစီမံချက် တစ်ရပ်အနေဖြင့် နယ်မြေရှင်းလင်း ရှာဖွေမှုများအဖြစ် တပ်မတော် နှင့် မူးယစ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ဆောင်ရွက်နေလျှက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၂၁)ရက် မွန်းလွဲ(၂း၂၀)နာရီ အချိန်ခန့်က မယ်ကြုတ်နယ်မြေအတွင်း၌ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် Wy စာတမ်းပါ ရိုက်မှိုများ ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မယ်ကြုတ်နယ်မြေအတွင်း အမှတ်(၅၂၇) ခြေမြန်တပ်ရင်း နှင့် မူးယစ်ရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သည့် အဖွဲ့သည် မူးယစ်ဆေးဝါးကင်းစင် တိုက်ဖျက်ရေး အထူးစီမံချက် တစ်ရပ်အနေဖြင့် နယ်မြေရှင်းလင်းရှာဖွေမှုများ ပြုလုပ်ရာ ယနေ့ သြဂုတ်လ(၂၁)ရက် မွန်းလွဲ(၂း၂၀)နာရီအချိန်ခန့်က မယ်ကြုတ်နယ်မြေအတွင်း တောင်ယာအတက် ညာဘက်လမ်း ၀ါးရုံပင်အောက်ခြေတွင် မြေကျင်းတူး၍ မြုပ်ထားသော မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ထိုသို့ ရှာဖွေတွေ့ရှိရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုပြီး သံမဏိဖြင့် ပြုလုပ်ထားသော Wy စာတမ်းပါ ရိုက်မှိုအချောင်း (၃၀)၊ သံမဏိဖြင့် ပြုလုပ်ထားသော စာတမ်းမပါ(အပြောင်)ရိုက်မှို (၂၄)ချောင်း နှင့် ရိုက်မှို အသုံးပြုသည့် ဆက်စပ်ခေါင်း (၂၂)ခေါင်းတို့အား ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းစဉ် မြေကျင်းထဲမှ ရရှိသည့် အဆိုပါ ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ ပစ္စည်းများအဖြစ် မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မယ(ပ)၁၄/၂၀၁၄  မူး/စိတ်ပုဒ်မ ၁၆(ခ)ဖြင့် အမှုဖွင့်ရန် စီစဉ် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~