မြန်မာနိုင်ငံ တောင်ပိုင်း၊ ကော့သောင်းမြို့၊ ဂျလန်းကျွန်းအနောက်ဘက်နှင့် မိုင် (၁၄၀)ခန့် ကွာဝေးသော ပင်လယ်ပြင်တွင် တပ်မတော်စစ်ရေယာဉ် အမှတ်(၅၆၇)မှ အမျိုးသား(၁၅)ဦးပါဝင်သည့် စက်လှေပေါ်တွင် ကျပ်သန်းပေါင်း (၁၆၆၉၅၀)တန်ဖိုးရှိ အက်စ်တစီဆေးပြား(ခေါင်းခါဆေး) များ ကို ၂၀၁၄ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့က ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ တပ်မတော်စစ်ရေယာဉ် အမှတ်(၅၆၇)မှ မြန်မာနိုင်ငံ တောင်ပိုင်း ဂျလန်းကျွန်းအနောက်ဘက် မိုင် (၁၄၀)ခန့် ကွာဝေးသော ပင်လယ်ပြင်တွင် ပင်လယ်ပြင်စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အောင်လင်းထွန်း အပါအ၀င် အမျိုးသား(၁၅)ဦးပါဝင်သည့် စက်လှေတစ်စီးအား စစ်ဆေးရာ စက်လှေအတွင်း ၀ှက်ထားသော ပါကင်စက္ကူပုံးများအတွင်းမှ အမှန်ခြစ်တံဆိပ်ပါ တစ်ထုပ်လျှင် အက်စ်တစီဆေးပြား ၅၀၀၀ပြားပါ (၂၉၇)ထုပ် နှင့် RN တံဆိပ်ပါ တစ်ထုပ်လျှင် ဆေးပြား(၅၀၀၀)ပြားစီပါ (၁၈၀)ထုပ်၊ စုစုပေါင်း Ecstasy ဆေးပြား (၂၃၈၅၀၀၀)ပြားများကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သန်းပေါင်း ၁၆၆၉၅၀ တန်ဖိုးရှိပြီး အောင်လင်းထွန်း ပါဝင်သည့် တရားခံ(၁၅)ဦးအား သြဂုတ်လ(၂၁)ရက်နေ့ က ကော့သောင်းမြို့မရဲစခန်း တွင် မယ(ပ)၃၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)(ခ)/၂၀(က)(ခ)/၂၁အရ အမှုဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။