တာချီလိတ်မြို့အတွင်း ယာဉ်မတော်တဆမှု လျော့နည်းရေးအတွက် သတိပေး လမ်းညွှန်ဆိုင်းဘုတ် (၃၆)ခု တပ်ဆင်ထား

တာချီလိတ်မြို့အတွင်း ယာဉ်မတော်တဆမှု လျော့နည်းရေးအတွက် သတိပေး လမ်းညွှန်ဆိုင်းဘုတ် (၃၆)ခု တပ်ဆင်ထား
သြဂုတ် 23, 2014
By Tachileik News Agency

မြန်မာ - ထိုင်း - လာအို (၃)နိုင်ငံ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သည် ဖွံ့ဖြိုး တိုးတက်လာမှုနှင့် အညီ စက်တပ်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးများ စသည်တို့မှာ များပြားလာပြီး ယာဉ်အမျိုးမျိုးတို့သည် အဓိကအားဖြင့် ဗိုလ်ချုပ်လမ်းမကြီး တစ်ခုတည်းကိုသာ အားထား၍ အသုံးပြု သွားလာရသည်ဖြစ်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  လိုက်နာစေရေးအပြင် ယာဉ်မတော်တဆမှု လျော့နည်း ကျဆင်းစေရေးတို့ အတွက် သြဂုတ်လ(၂၂)ရက်နေ့က စတင်ပြီး ယနေ့ သြဂုတ်လ (၂၃)ရက်နေ့အထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတိပေး ဆိုင်းဘုတ် (၃၆)ခုကို တပ်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ တပ်ဆင်ရာတွင် အမှတ်(၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်စိတ်(၂)၊ တာချီလိတ်မှ တာချီလိတ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့်  မြို့အတွင်း အချက်အချာကျသော လမ်းဆုံ၊ လမ်းကြားနှင့် အထင်ကရ နေရာများတွင် ဆိုင်းဘုတ်တစ်ခုလျှင် ကျပ်ငွေ(၆၅၀၀၀)ကျပ် တန်ဖိုးရှိသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတိပေး လမ်းညွှန်ဆိုင်းဘုတ် (၃၆)ခုကို ခရိုင်ယာဉ်စည်းကမ်းရန်ပုံငွေထဲမှ အသုံးပြု၍ စုစုပေါင်း ကုန်ကျငွေ (၂၃၄၀၀၀၀)ကျပ် တပ်ဆင်ထားတာဖြစ်ကြောင်း သိရသည်။

 

"တာချီလိတ်မြို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာကြတာ တော်တော်တွေ့ရတယ်၊ မီးနီနေရင်လည်း ဖြတ်မောင်းတာတွေ တွေ့ရတယ်၊  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ အသိစိတ်နဲ့ လိုက်ပြီး လိုက်နာမှ ယာဉ်မတော်တဆတိုက်မှုတွေ လျော့နည်းမယ်လို့ မြင်မိတယ်.."ဟု မြို့မိမြို့ဖ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"တစ်ရက်တစ်ရက် ဆိုင်ကယ် မောင်းရတာလည်း ခပ်လန့်လန့်ပဲ၊ ကျောင်းဆင်းချိန်တွေ ညနေစောင်းတွေဆိုရင် ယာဉ်ကြောက တော်တော်ရှုပ်တယ်၊ မဆင်မခြင် မောင်းတာတွေကြောင့် ခက်တယ်၊"ဟု အ.ထ.က(ဆန်ဆိုင်း)မှ ကျောင်းသားမိခင်တစ်ဦးမှလည်း ပြောလာသည်။

သတင်း။  ။ကိုဇောင်း
ပုံများကိုကြည့်ရန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~