တာချီလိတ်မြို့နယ်၏ ဒုတိယအကြိမ်မြောက် ၂၀၁၄ခုနှစ် ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ စတင်မှုအဖြစ် ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၂၄)ရက် နေ့လည်(၂)နာရီ တိတိအချိန်က တာချီလိတ်မြို့မ အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန့်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစား ကတိသစ္စာ အဓိဌာန်ရွတ်ဆိုကာ အခမ်းအနားအား ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း ဘင်ခရာ၊ ပန်းပွားအကအဖွဲ့ဖြင့် ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အား/ကာအဖွဲ့ဝင်များ၊ ပညာရေးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် အားကစားဝါသနာရှင်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရသည်။
ပြိုင်ပွဲတွင် တာချီလိတ်ခရိုင်အတွင်းရှိ အခြေခံပညာရေးကျောင်းများဖြစ်သည့် အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)၊ အ.ထ.က(မိုင်းကိုး)၊ အ.ထ.က(တာလေ)၊ အ.ထ.က(ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း)၊ အ.လ.က(ပုန်းထွန်)၊ အ.လ.က(ရန်အောင်မြေ)၊ အ.လ.က(ရေပူစမ်း)၊ အ.လ.က(၀မ်တုံ)၊ အ.လ.က(မယ်ဟုတ်)၊ အ.လ.က(နားအွန်) စသည်တို့မှ ၀င်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ပွဲတွင် ကျောင်းသား အသင်း (၁၂)သင်း နှင့် ကျောင်းသူအသင်း (၈)သင်း စုစုပေါင်း အသင်း (၂၀)သင်း ရှိကြောင်း သိရသည်။
ဖွင့်ပွဲ၏ ပထမ အစနေ့ဖြစ်သည့် ယနေ့ သြဂုတ်လ (၂၄)ရက်တွင် တာချီလိတ်မြို့နှင့် ဝေးကွာသည့် တာလေမြို့နယ်ခွဲဘက်မှ အ.ထ.က(တာလေ) နှင့် အ.လ.က(နားအွန်) ကျောင်းသား အသင်းတို့မှ ပွဲဦးထွက် ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် အ.ထ.က(တာလေ)မှ အ.လ.က(နားအွန်)အား (၉)ဂိုး (၁)ဂိုးဖြင့် ပွဲဦးထွက် အနိုင်ရရှိသွားကြောင်း သိရသည်။
ပြိုင်ပွဲအား ယနေ့ သြဂုတ်လ(၂၄)ရက်မှ သြဂုတ်လ(၃၀)ရက်နေ့အထိကို ကျောင်းသားအသင်း သီးသန့် ယှဉ်ပြိုင်မှုအဖြစ် တစ်ရက်လျှင် (၂)ပွဲနှုန်းဖြင့် ကျင်းပသွားမှာဖြစ်ပြီး သြဂုတ်လ(၃၁)ရက်နေ့မှစ၍ ကျောင်းသူအသင်း ပြိုင်ပွဲကို စတင်မှာ ဖြစ်ကြောင်း သိရှိရသည်။