သာသနာတော် ညှိုးနွမ်းစေရန် ဆောင်ရွက်နေသူ နှစ်ဦးအား ထိရောက်စွာ အရေးယူ

သာသနာတော် ညှိုးနွမ်းစေရန် ဆောင်ရွက်နေသူ နှစ်ဦးအား ထိရောက်စွာ အရေးယူ
သြဂုတ် 26, 2014
By Tachileik News Agency

တာချီလိတ်မြို့သည် နယ်စပ်ဒေသဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်း သွားလာသူများ ၊ အလုပ်အကိုင် ရှာဖွေသူများ ၊ ကုန်ရောင်းကုန်ဝယ် လုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် စည်ကားနေသော ဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုဖြစ်သည့် အားလျော်စွာ အလှူအတန်း ရက်ရောသော မြို့တစ်မြို့လည်း ဖြစ်သည်ကို အခွင့်ကောင်းယူလျှက် မသမာသူအချို့မှ လိမ်လည် အလှူခံကာ သာသနာတော်အား ညှိုနွမ်းစေမည့် အပြုအမူများအား ဆောင်ရွက်လျှက်ရှိသည့် အတွက် သက်ဆိုင်ရာမှ ဖမ်းဆီး အရေးယူခဲ့ရသည့်ဖြစ်စဉ်တစ်ခု ယနေ့ သြဂုတ် (၂၆)ရက်နေ့ကြ ဖစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တာချီလိတ်- မိုင်းဆတ်သွား မော်တော်ကားလမ်းအနီး နမ့်မယ်ဆိုင်ချောင်း နှင့် နမ့်ဖလောက် ချောင်းဆုံစည်းရာ နေရာအနီးရှိ တဲဟောင်းတစ်လုံးအား အမှီပြုကာ မသမာသူ သင်္ကန်းဝတ်နှစ်ဦးသည် သာသနာတော်အတွက် ကျောင်းဆောက်လုပ်ရန်ဟု အကြောင်းပြပြီး တာချီလိတ်မြို့နှင့် အနီးဝန်းကျင်ရှိ ရပ်ကွက်/ကျေးရွာများ ၊ ၀မ်ပုံဆိပ်ကမ်းနှင့် လာအိုနိုင်ငံနယ်စပ် များတွင် လှည့်လည်အလှူခံကာ ရရှိလာသော ငွေကြေးဖြင့် အရက်သေစာ သောက်စားခြင်းများဆောင်ရွက်နေကြောင်း  ကြားသိရသည်။

သတင်းအရ သြဂုတ်လ (၂၆)ရက် နံနက် (၇)နာရီခန့်တွင် လွယ်တော်ခမ်း ကျောင်းဆရာတော် ဥူးဝါယမ ၊ မြို့နယ်သာသနာရေးဦးစီးမှူး နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် အသိသက်သေများနှင့်အတူ၎င်းတို့ မှီခိုနေထိုင်ရာ တဲအတွင်းဝင်ရောက်ရှာဖွေရာ ကိုရင်တေဇနိယ (ခ) တင်မျိုးလင်း ( နွားပျင်းရွာ ၊ မြင်းခြံမြို့နယ် ) နှင့် ဥူးသုမင်္ဂလ (ခ) မင်းသန်းထွန်း ( ဌ ရပ်ကွက် ၊ မြောက်ဥက္ကလာပ)မြို့နယ် နေထိုင်သူတို့ နှစ်ဦးသည် သင်္ကန်းဝတ်ဆင်လျှက် အလှူခံခြင်း၊ အရက်သေစာသောက်စားခြင်းများအား ကျူးလွန်ထားကြောင်း စိစစ်တွေ့ရှိချက်အရ ၎င်းတို့နှစ်ဦးအား တည်ဆဲဥပဒေအရ အရေးယူပေးနိုင်ပါရန် မြို့နယ် သာသနာရေးဦးစီးမှူးမှ အမှုဖွင့်တိုင်တန်းခဲ့သည်။

ယင်းသို့ သာသနာတော်ညှိုးနွမ်းစေရန် မသမာစိတ်ဖြင့် တမင်ကျူးလွန်ခဲ့ကြသော ကိုရင် တေဇနီယ (ခ) တင်မျိုးလင်း နှင့် ဥူးသုမင်္ဂလ (ခ) မင်းသန်းထွန်း တို့နှစ်ဦးအား လွယ်တော်ခမ်းကျောင်း ဆရာတော်မှ လူဝတ်လဲစေခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းမှ ရာသေးမှုအမှတ် ၅/၁၄ ၊ ပြစ်မှုပုဒ်မ ၂၉၅ - က ဖြင့် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

သတင်း။   ။မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~