တာချီလိတ်မြို့မဈေး ရှိ အပြင်တန်းပျံကျဆိုင်ခန်းများ နေရာပြန်လည်မရရှိပါက ဥပဒေအရ ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်ထား

တာချီလိတ်မြို့မဈေး ရှိ အပြင်တန်းပျံကျဆိုင်ခန်းများ နေရာပြန်လည်မရရှိပါက ဥပဒေအရ ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်ထား
သြဂုတ် 27, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်နေလျက်ရှိသည့် ၀မ်ကောင်းမြို့မဈေးတွင် လက်ရှိဖြစ်ပေါ်နေသော ပြဿနာတစ်ရပ်မှာ အပြင်တန်းဆိုင်ခန်း ခေါ် အပြင်တန်း ပျံကျဈေးဆိုင်ခန်းများ အနက် (၈၆)ခန်းကို မူလနေရာတွင် ပြန်လည်ရရှိရေးအတွက် အဆိုပါ ဈေးသည်များမှ တောင်းဆိုနေမှုများနှင့် ပတ်သက်၍ တွေ့ဆုံပွဲများ၊ ညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ထူးခြားမှု မရှိသေးသည့်အပြင် ပြည်နယ်ဝန်ကြီးချုပ် လာရောက်၍ ဆောက်လက်စဈေးအား စစ်ဆေးရာတွင်လည်း အပြင်တန်းဆိုင်တန်း ခေါ် အပြင်တန်း ပျံကျဈေးသည်များအတွက် ပြတ်သားသည့် ညွှန်ကြားချက်များ ချမှတ်သွားခြင်း ရှိမရှိ မသိရှိရသေးသည့်အတွက် ဈေးသူဈေးသားများမှ ဈေးဆောက်လုပ်မှု ပြီးစီးလုဖြစ်နေချိန်တွင် ၎င်းတို့၏ မူလဆိုင်ခန်းများ ပြန်လည်မရရှိမည်ကို စိုးရိမ်နေကြသည်။

ထိုသို့ စိုးရိမ်နေမှုများနှင့်အတူ အပြင်တန်းပျံကျဈေးသည် (၈၆)ခန်း၏ ကိုယ်စား ဈေးသူဈေးသား တစ်ချို့သည် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ ညှိနှိုင်း အကူအညီတောင်းခံလိုကြောင်း တောင်းဆိုလာသည့်အတွက်  ၂၀၁၄ခုနှစ် သြဂုတ်လ(၂၆)ရက် နေ့လည်(၂း၂၀)နာရီ အချိန်တွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေသည် ၎င်း၏ ရုံးအစည်းအဝေးခန်းမ၌ ဈေးသူ၊ ဈေးသားအချို့အား လက်ခံတွေ့ဆုံခဲ့ကြသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့သည် ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံရာတွင် ဈေးဆိုင်ခန်း (၈၆)ခန်း၏ ကိုယ်စားလှယ် ဦးလှခင် က ဈေးအတွင်း လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများနှင့် ၎င်းတို့တောင်းဆိုထားသည့် မူလဆိုင်ခန်းနေရာ ပြန်လည်ရရှိရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် ဈေးသည်တစ်ဦးဖြစ်သူ ဦးစိန်ဦး က ဈေးဆိုင်ခန်း ဆောက်လုပ်ထားမှုနှင့် ပတ်သက်၍ ၎င်းတို့ တွက်ချက်ကြည့်ချက်အရ ဈေးဆိုင်ခန်းများမှာ သတ်မှတ်ထားသည့် အရေအတွက်ထက် အခန်းပေါင်း (၉၀)ကျော် ပိုမိုဆောက်လုပ်ထားသည်ကို တွေ့ရှိရသော်လည်း ၎င်းတို့အတွက် စီမံထားခြင်း ရှိမရှိကို မသိရကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်ပြီး ဈေးသည်တစ်ဦးဖြစ်သူ ဒေါ်လီလီ မှလည်း ၎င်းအနေဖြင့် အဆိုပါဈေးတွင် ဈေးရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့သည်မှာ ၁၅ နှစ်ခန့်ကြာပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ ၁၀ နှစ်သက်တမ်းအထက် ရှိပြီးသူများသည် ထိုင်းနိုင်ငံသာဆိုလျှင် ဆိုင်ခန်းတစ်ခန်း ပြန်ရကြောင်း၊ သို့သော်လည်း ဒီမှာတော့ ဆိုင်ခန်းမရသည့်အပြင် ရှိတဲ့ ဆိုင်ခန်းတောင် ဆုံးရှုံးရမဲ့ အနေအထားဖြစ်နေကြောင်း ဆွေးနွေးတင်ပြသွားသည်။

တဆက်တည်းမှာပင် ကျန်ဈေးသူ၊ ဈေးသားများက ၎င်းတို့၏ ကျွမ်းကျင်သော တွက်ချက်မှုများအရ ယခုဈေးဆောက်လုပ်နေမှု၏ ရလာဒ်သည် အရှုံးမရှိကြောင်း အမြတ်များစွာ ရရှိသည့် လက္ခဏာတွေ့ရှိရသော်လည်း ၎င်းတို့အတွက် မူလဆိုင်ခန်းနေရာကို မည်သည့်ကိစ္စကြောင့် မချပေးသေးတာကိုလည်း သိရှိလိုသည့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး အနေဖြင့် ကူညီဖြေရှင်းပေးစေလိုကြောင်း တင်ပြကြသည်။

၎င်းတို့၏ တင်ပြချက်များ အပေါ် မူတည်၍ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေသည် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်နေစဉ်မှာပင် ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီးထံ ဖုန်းဖြင့် ဆက်သွယ်ကာ ဈေးသူ၊ ဈေးသားများ၏ တင်ပြချက်များကို အသိပေး တင်ပြပြောကြားသည့် အခါမှာ ၀န်ကြီးမှ ညွှန်ကြားစာ ထွက်ပေးလာရာ အဆိုပါ ညွှန်ကြားစာတွင် ဈေး၏ အခြေအနေအား ကွင်းဆင်း စစ်ဆေး စီစစ်ပြီး ပြန်လည်တင်ပြရန် ညွှန်ကြားထားကြောင်း နှင့် ခရိုင် အုပ်ချုပ်ရေးမှူးမှလည်း ရက်ပိုင်းအတွင်း သွားရောက် ကွင်းဆင်း စစ်ဆေးကာ ၀န်ကြီးထံ ပြန်လည် တင်ပြပေးသွားမှာ ဖြစ်ကြောင်း ဈေးသူဈေးသားများအား ပြန်လည်ပြောကြားလာသည်။

အပြင်တန်းဆိုင်တန်း ခေါ် အပြင်တန်း ပျံကျဈေးဆိုင်ခန်းများ အနက် (၈၆)ခန်းမှ ဈေးသူ ဈေးသားများသည် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မတွေ့ဆုံမီ သြဂုတ်လ(၂၅)ရက် နေ့လည်ပိုင်းက သီရိဟံသာ ဘုန်းကြီးကျောင်းတွင် တွေ့ဆုံကြကာ ဈေးဆိုင်ခန်းကိစ္စ အဆင်ပြေမှုမရှိပါက ၎င်းတို့အနေဖြင့် တရားဥပဒေနှင့် အညီ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသွားနိုင်ရန် အတွက် အချက်(၅)ချက်ဖြင့် အတည်ပြု ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

၎င်းတို့၏ အတည်ပြု ချက်(၅)ချက်မှာ -

  • (၁) မိမိတို့ မူလရောင်းချခဲ့သည့် နေရာတွင် (၁၀ ပေ x ၁၀ ပေ ) (၄၃)ခန်း မြေညီထပ်၌ ချထားပေးရန် နှင့် ကျသင့်ငွေ ထိုင်းဘတ်(၃)သိန်းကို (၃)ရစ်ဖြင့် ပေးသွင်းခွင့်ပြုရန်။
  • (၂) မြေညီထပ် ပတ်လည် ဆောက်လုပ်ထားသည့် နေရာတွင်သာ ချထားပေးရန်၊ ပထမထပ်၊ ဒုတိယထပ် လုံးဝ လက်မခံပါ။
  • (၃)  မိမိတို့၏ တောင်းဆိုချက်ကို မရရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး နှင့်အညီ ဆန္ဒဖော်ထုတ်ပွဲကို အားလုံးပါဝင် ဆောင်ရွက်ရန်။
  • (၄) ဆန္ဒထုတ်ဖော်ပွဲတွင် လိုက်ပါရန် ပျက်ကွက်ပါက မိမိတို့ အခန်းရရှိရေးကိစ္စ ပြဿနာရှိလာပါလျှင် ချန်ထားခဲ့မည်ဖြစ်ပါသည်။
  • (၅) ဆန္ဒထုတ်ဖော်ရာတွင် မိသားစုဝင်များ၊ မှီခိုသူများ အားလုံးလိုက်ပါရန်

စသည်ဖြင့် အစည်းအဝေး တက်ရောက်သူများက တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~