မြန်မာနိုင်ငံ တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အ၀င် / အထွက် တစ်ခုဖြစ်သော အမှတ်(၁) ချစ်ကြည်ရေးတံတား အနီးရှိ ရွှေနန်းတော် အ၀င်လမ်း(ယုဇနလမ်း)သည် နေ့စဉ်နှင့်အမျှ ယာဉ်ကြောရှုပ်ထွေးမှုများကြောင့် ယာဉ်သွား၊ ယာဉ်လာများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေလျက် ရှိရာမှ ယနေ့ သြဂုတ်လ(၃၁)ရက်နေ့မှ စ၍ အဆိုပါလမ်းအား တစ်လမ်းမောင်းအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်တံတားကူးစာအုပ် လာရောက် လဲလှယ်သူ ဒေသခံတစ်ဦးက "အခုလို သတ်မှတ်လိုက်တာ ကောင်းတယ်၊ ဒီနေရာက သုံးဘီးဆိုင်ကယ်တွေ၊ ကားတွေ အသွားအလာနဲ့ တော်တော်လေးကို ယာဉ်ကြောပိတ်တဲ့နေရာပဲ၊ ငွေလဲတဲ့ ဆိုင်တွေရှေ့မှာ ဆိုင်ကယ်တွေ ကားတွေ ရပ်ထားတော့ လမ်းက ပိတ်ဆို့သွားရောပဲ၊ အခုလို သတ်မှတ်လိုက်ပြီးနောက် ယာဉ်မောင်းသူတွေအနေနဲ့ အမှန်တကယ် စည်းကမ်းလိုက်နာစေဖို့ ဟိုဘက် ထိပ်နဲ့ ဒီဘက်ထိပ်ကို နေ့စဉ် ယာဉ်ထိန်းတွေ ချထားပေးမှ အဆင်ပြေနိုင်မယ်လို့ မြင်မိပါတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ အကြံပြုပြောကြားသွားသည်။
တာချီလိတ်မြို့တွင် အဓိကအားဖြင့် အ.ထ.က(တာချီလိတ်)၏ ကျောင်းဆင်း၊ ကျောင်းတက်ချိန်များ ဖြစ်သည့် နံနက်ပိုင်း၊ နေ့လည်ပိုင်း နှင့် ညနေပိုင်းတို့တွင် ရွှေတိဂုံဘုရားလမ်းတလျှောက် ယာဉ်ကြောပိတ်စို့မှုများနှင့် ပတ်သက်၍ "လမ်းဘေးတွေမှာ အချိန်အကြာကြီးရပ်ထားတဲ့ ကားတွေကြောင့် ကျောင်းဆင်းချိန်တွေမှာ ကလေးကြိုပို့လုပ်ရတဲ့ အခက်အခဲက တော်တော်ဖြစ်နေတယ်၊ အဲ့ဒီလမ်းကိုလည်း တစ်လမ်းသွား မလုပ်နိုင်ရင်တောင် လမ်းဘေးမှာ ရပ်ထားတဲ့၊ နေရာယူထားတဲ့ ကားတွေကို ရှင်းလင်းပေးတာမျိုး အရေးယူ ပေးတာမျိုးတွေ လုပ်ပေးစေချင်တယ်၊"ဟု အ.ထ.က(တာချီလိတ်)မှ ကျောင်းသားမိခင် တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"ရွှေတိဂုံဘုရား လမ်းတလျှောက်လုံးပဲ လမ်းက ကျဉ်းပါတယ်ဆိုမှ ဆိုင်ကယ်တွေ၊ ကားတွေ ရပ်ထားတာ ယာဉ်ကြောပိတ်ဆို့မှု အချိန်နဲ့အမျှဖြစ်နေတယ်၊ ထိရောက်စွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်တယ်ဗျာ"ဟု မကာဟိုခမ်းရပ်ကွက်နေ အငြိမ်းစားတစ်ဦးက ပြောလာသည်။