တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၃)ရက် ညနေ(၄)နာရီအချိန်က တန်ဖိုးငွေ ကျပ်(၂၄)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မယ်ယန်းစစ်ဆေးရေးစခန်းတွင် စစ်ဆေးမှုများပြုလုပ်နေစဉ်မှာ တာလေဘက်မှ တာချီလိတ်ဘက်သို့ ယောလှ မောင်းနှင်ပြီး လွင်စိုး လိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေး ရှာဖွေရာမှ ယောလှ ၀တ်ဆင်ထားသော ဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၆၀)ပြားကို တွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ ရှာဖွေရာ ဆိုင်ကယ် ဖင်ထိုင်ခုံအောက်ရှိ တူးဘောက်အတွင်း၌ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၈၀၀)ပြား စုစုပေါင်း (၉၆၀)ပြားတို့ကို ရှာဖွေတွေ့ရှိရာ ကာလတန်ဖိုးမှာ ကျပ်ငွေ(၂၄)သိန်းရှိပြီး မူးယစ်ဆေးဝါးများနှင့် တွေ့ရှိရသူ ယောလှ နှင့် လွင်စိုးတို့ နှစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁၁၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။