တာချီလိတ်မြို့ပေါ် (၉)ရပ်ကွက်လုံး ဆိုးရွားစွာ ရေကြီးရေလျှံမှုဖြစ်ပေါ်

တာချီလိတ်မြို့ပေါ် (၉)ရပ်ကွက်လုံး ဆိုးရွားစွာ ရေကြီးရေလျှံမှုဖြစ်ပေါ်
စက်တင်ဘာ 6, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် ထိုင်း - မြန်မာ နှစ်နိုင်ငံအကြား နယ်နိမိတ်အဖြစ် ကြားခံစီးဆင်းနေသည့် မယ်ဆိုင်ချောင်း၏ ရေကြီးရေလျှံမှုများကြောင့် သော်လည်းကောင်း၊ တောင်ကျရေ နှင့် သဘာဝ စီးဆင်းသည့်ရေများ၏ လမ်းကြောင်းများကို မြေခိုးကာရံပိတ်စို့သည့် လောဘဇောများကြောင့် သော်လည်းကောင်း၊ တောင်ကျရေ နှင့် မိုးရွာသွန်းသည့်ရေများ စီးဆင်းရာ ၀မ်ကောင်း ရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်း တစ်ကြောတွင် ရေစီးရေလာ မကောင်းမွန်သည့်အတွက် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်း နှင့် မယ်ခေါင်ချောင်းတို့မှတဆင့် ဖြစ်ပေါ်လာသော ရေကြီးရေလျှံဖြစ်စဉ်ကြောင့် တာချီလိတ်မြို့ပေါ် (၉)ရပ်ကွက်တွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

( တာချီလိတ် ၀မ်ကောင်းရပ်ကွက်အတွင်း ဆိုးရွားစွာ ရေကြီးမှုမြင်ကွင်း )
တာချီလိတ်မြို့ပေါ်ရှိ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက် နှင့် ၀ိန်းကျောက်ရပ်ကွက် စုစုပေါင်း (၉)ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုးရွားဆုံးအနေဖြင့် ပုန်းထွန်ရပ်ကွက် နှင့် ၀မ်ကောင်းရပ်ကွက်၊ နမ့်ယွန်းချောင်း စသည့် နေရာများတွင် ဖြစ်ပေါ်ခဲ့ရာ (၉)ရပ်ကွက်ပေါင်းတွင် နစ်မြှုပ်သည့် အိမ်ခြေပေါင်းမှာ (၈၈၈)လုံးရှိပြီး အိမ်ထောင်စု (၁၀၇၉)စု ရေဘေးဒဏ်ခံလိုက်ရသည့်အတွက် ရေဘေး ကယ်ဆယ်ရေးစခန်းများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်များ၏ ဘုန်းကြီးကျောင်းများ အထင်ကရ နေရာများတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုးရွားဆုံး ရေကြီးရေလျှံမှုများတွင် နမ့်ယွန်းချောင်း ရေကြီးရေလျှံမှုကြောင့် နမ့်ယွန်းချောင်းနှင့် ဗိုလ်ချုပ်လမ်းဆုံရာနေရာနှင့် နမ့်ယွန်းချောင်းတစ်လျှောက်တွင် ရေလွှမ်းမိုးခဲ့ပြီး ရေကာနံရံများ ပျက်စီးခြင်း၊ မော်တော်ယာဉ်များ ရေနစ်မြှုပ်ခြင်း၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ ကယ်ထုတ်ခြင်းများကို စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့ ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများ မြို့နယ်/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဒေသခံလူထုတို့မှ ရေနစ်မြှုပ်ရာတွင် စိတ်ရောကိုယ်ပါ ကယ်ဆယ်ရေး လုပ်ငန်းများကို ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည်။

မယ်ဆိုင်ချောင်းတစ်လျှောက် ချောင်းရေမြှင့်တက်မှုကြောင့် အမှတ်(၁)ချစ်ကြည်ရေးတံတား၏ တံတား ယက်မကျော်အထိ ရေမြင့်တက်လာခဲ့ပြီး ချောင်းတစ်လျှောက် စီးဆင်းလာသော သစ်တုံးများ၊သစ်မြစ်ဆုံများ နှင့် အမှိုက်သရိုက်များ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာသည့်အတွက် တံတားအား ထိခိုက်လာနိုင်သည့် အခြေအနေရှိသည်တို့ကြောင့် ထိုင်း - မြန်မာနှစ်ဖက် အကြီးအကဲများဖြင့် ညှိနှိုင်းပြီး ထိုင်းနိုင်ငံမှ ဘက်ဟိုးဖြင့် ရှင်းလင်းဖယ်ရှားခဲ့ကြသည်။

ထိုသို့ ရှင်းလင်းဖယ်ရှားနေစဉ်အတွင်း ထိုင်းဘက်မှ သော်လည်းကောင်း၊ မြန်မာဘက်မှ သော်လည်းကောင်း သွားလာသည့် ခရီးသွားများအတွက် ထိခိုက်မှု ရှိမည်စိုး၍ အမှတ်(၁) ချစ်ကြည်ရေး တံတားအား နေ့လည်(၁၁း၃၀)နာရီအချိန်မှ မွန်းလွဲ(၂း၃၀)နာရီအချိန်ထိ ခေတ္တပိတ်ထားခဲ့ရသည်။

ယခုလို ရေကြီးမှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် တာချီလိတ် - မိုင်းဆတ်သွား မောင်တော်ကား လမ်းပေါ်ရှိ ရေကာတာအနီး တံတားခန့်မှန်းပေ (၃၀)ခန့်တစ်စင်း နှင့် ၎င်းလမ်းပေါ်ရှိ တာချီလိတ်မြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး ပေ(၂၀)ခန့်ရှိ တံတား(၁)စင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး အဒီး - ပါခမ်း လမ်းပေါ်ရှိ အာခါဆေးခန်းရွာအနီး (၁၀)ပေခန့်ရှိ ရေပြွန်တံတား(၁)စင်း ပျက်စီးဆုံးရှုံးခဲ့ရသည့် အပြင် အာခါဆေးခန်းရွာအနီး ရေလယ်ကျွန်းဘုန်းကြီးကျောင်းသွားတွင် ပေ(၅၀)ခန့် သံကြိုးတံတား တစ်စင်း ဆုံးရှုံးပျက်စီးသွားကြောင်း သိရသည်။
ရေနစ်မြှုပ်မှုကြောင့် မော်တော်ယာဉ်အချို့ နှင့် မော်တော်ဆိုင်ကယ်များအပါအ၀င် လူသုံးကုန်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများအပါအ၀င် ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း (၉၃၄)သိန်းကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်နေ ဦးထွန်းနိုင်က "ကျွန်တော့်အနေနဲ့ တာချီလိတ်မှာ နေလာတာ နှစ်ပေါင်း (၄၀)လောက်ရှိပြီ အခုလို ဆိုးဆိုးဝါးဝါး ရေကြီးတဲ့ ဖြစ်စဉ်မျိုး တစ်ခါမှ မဖြစ်ဖူးဘူး၊ ၀မ်ကောင်းရပ်ကွက်ထဲမှာ ရေကြီးတာက သိပ်ကြောက်ဖို့ကောင်းတယ်၊ ဆိုင်ကယ်တွေတောင် ရေထဲပါသွားတယ်၊ တချို့ မုန့်ဆိုင်တဲလေးတွေဆိုရင် အကုန်လုံးရေထဲပါသွားတယ်"ဟု တာချီလိတ်အွန်လိုင်းကို ပြောပြသည်။

မြို့မိမြို့ဖတစ်ဦးက "တာချီလိတ်မြို့မှာ အခုနောက်ပိုင်း ရေကြီးရေလျှံမှုတွေ ခဏခဏဖြစ်နေတာကို သေချာ ဆန်းစစ်ကြည့်လိုက်ရင် နေအိမ်တွေ များလာလို့ ဖြစ်တာလို့ မြင်မိတယ်၊ အရင်တုန်းက ဒီလိုမှ မဖြစ်ခဲ့ဘဲ အခု နေအိမ်တွေများလာတော့ ရေထွက်ပေါက်တွေ၊ ရေထွက်ချောင်းတွေ၊ ရေထွက် မြောင်းတွေကို ခွဆောက်ကြတာ၊ ပိတ်ထားကြတာတို့ကြောင့်ပေါ့၊ ဥပမာအနေနဲ့ ပြောရရင် အချစ်ရွာ လက်ဖက်ရည်ဆိုင်ရှေ့က ချောင်းရဲ့ ထွက်ပေါက်ပျောက်နေတယ်၊ ဘယ်အဆောက်အဦက ခွပြီးဆောက်ထားလည်းဆိုတာ အဖြေရှာဖို့လိုသလို အိမ်ဆောက်တာ၊ အုတ်တံတိုင်းကာတဲ့ အခါတွေမှာ စည်ပင်က သေချာစစ်ဆေးဖို့လိုတယ်လို့ မြင်မိတယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ၎င်း၏ အမြင်အား ဖွင့်ဟပြောကြားလာသည်။

မယ်ဆိုင်ချောင်း၏ ရေကြီးရေလျှံမှုများကြောင့် ရေနစ်မြှုပ်မှုမှာ လူတစ်ရပ်ခန့်ရှိခဲ့ပြီး ရေကြီးရေလျှံမှု ခံရသည့် မြို့ပေါ်(၉)ရက်ကွက်အနက် ပုန်းထွန်ရပ်ကွက်တွင် ရေဘေးဒဏ်ခံရသည့် အိမ်ခြေ(၃၀၀)ကျော် ရှိခဲ့သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့တို့မှ ရပ်ကွက်အတွင်း ထမင်းဗူးများနှင့် ရေဗူးများကို လိုက်လံဝေငှခဲ့ကြသည်။
တာချီလိတ်မြို့ပေါ် (၉)ရပ်ကွက်တို့တွင် မိုးကာလရောက်သည့်အခါတိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ဖူးသော်လည်း ယခုလို ဆိုးရွားသည့် ရေကြီးရေလျှံမှုမျိုး မဖြစ်ခဲ့ဘူးကြောင်း ဒေသခံတိုင်းရင်းသားများ၏ ပြောကြားချက်အရ သိရှိရသည်။
သတင်း ။   ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
77 photos
108 photos
37 photos
32 photos
16 photos
21 photos
25 photos
30 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~