၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့က တာချီလိတ်တွင် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ မြို့ပေါ် (၉)ရပ်ကွက်တို့မှ ပြည်သူလူထု စုစုပေါင်း (၄၀၀၀)ကျော် ရေဘေးဒဏ်ခံခဲ့ရသည်ဖြစ်သည့်အတွက် တာချီလိတ် ကမ္ဘောဇဘဏ်လီမိတက်မှ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဦးအောင်ကိုဝင်း၏ လမ်းညွှန်ချက်နှင့် အညီ ကျပ်ငွေ (၁၀)သိန်း တိတိကို ယနေ့ စက်တင်ဘာလ (၉)ရက် ညနေ(၃း၁၀)နာရီ အချိန်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာရောက်လှူဒါန်းကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ကိုယ်စား တာချီလိတ် ကမ္ဘောဇဘဏ်လီမိတက်
( ဘဏ်ခွဲ - ၁) မှ မန်နေဂျာ ဒေါ်ဇင်မင်းသန့် က ပေးအပ်လှူဒါန်းရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ရေဘေးသင့်ပြည်သူများကိုယ်စား ၀မ်းမြောက်စွာ လက်ခံရယူသည်။
တာချီလိတ်မြို့တွင် ရေကြီးမှုဖြစ်ပွားသည့် နေ့မှစ၍ ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရနှင့် လူမှုရေး အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်များ စသည်တို့မှ လှူဒါန်းလာသော စားနပ် ရိက္ခာများကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်၍ စနစ်တကျ လိုက်လံ လှူဒါန်းပေးနေလျက်ရှိကြောင်း သိရှိရသည်။