ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ နားယောင်း၊ မယ်ကြုတ်ကျေးရွာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့တို့သည် ၂၀၁၄ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့က သွားရောက်၍ ဒေသခံ တိုင်းရင်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း နှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခြင်းများအဖြစ် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့တို့သည် နားယောင်းကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဒေသခံတိုင်းရင်းသား ကျား(၂၀)ဦး နှင့် မ(၁၅)ဦး အပါအ၀င် ကလေးသူငယ်(၁၀)ဦး စုစုပေါင်း (၄၅)ဦးကို အခမဲ့ဆေးဝါးများကုသပေးခြင်း နှင့် ဆေးဝါးထောက်ပံ့ပေးအပ်ခြင်းများအဖြစ် ဆောင်ရွက်ခဲ့ကြပြီးနောက် တဆက်တည်းမှာပင် မယ်ကြုတ်ကျေးရွာသို့ သွားရောက်၍ ဒေသခံ တိုင်းရင်းသား ကျား(၄၀)ဦး နှင့် မ(၆၀)ဦး အပါအ၀င် ကလေးသူငယ်(၃၀)ဦး စုစုပေါင်း (၁၃၀)ဦးတို့ကို ဆေးဝါးများ အခမဲ့ကုသပေးခြင်း နှင့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ကျေးရွာတို့ရှိ ကျေးလက်ဆေးပေးခန်းတွင် ရွာသူရွာသား တိုင်းရင်းသားများအတွက် အသုံးပြုနိုင်ရန် လိုအပ်သည့် ဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးသည် မိုင်းဆတ်တပ်နယ်နှင့် ညှိနှိုင်းကာ မယ်ကြုတ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအတွက် မှတ်ပုံတင်ရရှိရေး နှင့် အိမ်ထောင်စုစာရင်း ရရှိရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မိုင်းဆတ်ခရိုင်လ၀က နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးနောက် စက်တင်ဘာလ(၉/၁၀) နှစ်ရက်တိုင်တိုင် မယ်ကြုတ်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ မိုင်းဆတ်ခရိုင်လ၀ကမှူး နှင့် အဖွဲ့ဝင်များ၊ မိုင်းဆတ်ခရိုင်မှ တာဝန်ရှိသူများမှ ပူးပေါင်းကာ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး နှင့် မှတ်ပုံတင်/အိမ်ထောင်စုစာရင်းများ ရရှိရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တပ်မတော်နှင့် ဌာနဆိုင်ရာ များသည် ဒေသခံပြည်သူလူထု လိုအပ်ချက်များကို အမှန်တကယ် ဖြည့်စွမ်းပေးနိုင်မှုကြောင့် ဒေသခံ ပြည်သူလူထုမှာ ၀မ်းသာပီတိဖြစ်လျှက်ရှိပြီး စစ်ဗျူဟာမှူး ဦးဆောင်မှုဖြင့် တာချီလိတ်မြို့နယ် အတွင်းရှိ မိုင်းကိုးအုပ်စု ကျေးရွာများသို့ ဆက်လက်၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားရန် စီမံထားရှိကြောင်း သိရှိရသည်။
စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့၊ တာချီလိတ်ခရိုင်/မြို့နယ် သက်ဆိုင်ရာအဖွဲ့ စသည့် ပူးပေါင်းအဖွဲ့တို့ဖြင့် စက်တင်ဘာလ(၄)ရက် နှင့် (၅)ရက်နေ့များက နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး ပဉ္စမအကြိမ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ မွေးတိုးစာရင်း နှင့် အိမ်ထောင်စုလဲလှယ်ပေးခြင်း အပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာပေးမှုများ၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေးမှုများအပြင် စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ စသည်တို့ကိုလည်း ဆောင်ရွက်ခဲ့ပြီးကြောင်း သိရရှိရသည်။