ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် နားယောင်းဒေသ (ယောင်းခကျေးရွာအနီး)၊ မယ်ကြုတ်ချောင်း အတွင်း မျှောပါလာသည့် မူးယစ်ဆေးဝါးများကို "၀"အထူးဒေသမှ ဆယ်ယူထားရှိပြီးနောက် မူးယစ်တပ်ဖွဲ့စု(၂၉/၃၀)ထံ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က လွှဲပြောင်းပေးအပ်လာရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ကျပ် (၁၇၉၁)သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ် နားယောင်းဒေသ(ယောင်းခကျေးရွာအနီး)၊ မယ်ကြုတ်ချောင်းအတွင်း မိုးကြီးရေလျှံမှုများကြောင့် သြဂုတ်လ(၁၂/၁၅/၁၇)ရက်နေ့များက မျှောပါလာသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မိုင်းကန်းဒေသ "၀"မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် "၀"အဖွဲ့မှ တပ်မဟာ(၇၇၅) တပ်မဟာမှူးအဆင့်ရှိ ဦးရန်ကွယ်ကျုံ၊ တပ်မဟာ (၂၁၄)ဟိုပန် - ဟိုရွက် အခြေပြု ဒုနိုင်ငံရေးမှူးအဆင့်ရှိ ဦးအိုက်မိန်း၊ တပ်မဟာ(၅၁၈)မိုင်းယွန်းအခြေပြု နိုင်ငံရေးမှူးအဆင့်ရှိ ဦးဆမ်ဆွဲ နှင့် တပ်မဟာ(၂၁၄)ဟိုပန် - ဟိုရွက်အခြေပြု ၀မ်ဟုန်ဆက်ဆံရေးမှူး ဦးဆမ်လော့ တို့မှ မူးယစ်တပ်ဖွဲ့စု (၂၉/၃၀)မှ ရဲအုပ် ဘုန်းကျော်ဦး ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရပြီး ရဲအုပ်ဘုန်းကျော်ဦးမှ မိုင်းတွမ်းနယ်မြေရဲစခန်းသို့ ဆက်လက် ပို့ဆောင်ကာ ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော ပစ္စည်းများအဖြစ် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၁၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၁၉(က)အရ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိသည်။
အဆိုပါ "၀"အဖွဲ့မှ လာရောက်အပ်သော ကျပ် (၁၇၉၁)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် အဖြူရောင်အမွှေးအနံ့မှုန့် (၄.၅)ကီလို၊ အနီရောင် ဆိုးဆေးအမှုန့်(၄)ကီလို၊ Food Colour စာတန်းပါ ဆိုးဆေးရောရာ အထုတ်ငယ်(၁၄၈)ထုပ်၊ ဘိန်းဖြူမှုန့်(၅၀)ကီလို၊ စိတ်ကြွဆေးပြားထည့်သည့် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ် (၆၀၆၂၀)အိတ်၊ အမွှေးရည်(၅၀၀)မီလီလစ်တာခန့်စီပါ ဖန်ပုလင်း(၈)ပုလင်း၊ အရည်အနည်းအငယ်ပါ အ၀ါရောင် ဆိုးဆေးဗူး(၁)ဗူး၊ အနီရောင်ဆိုးဆေးဗူး(၁)ဗူး၊ ပန်းရောင်ဆိုးဆေး(၁)ဗူး နှင့် ပန်းရောင်စိတ်ကြွဆေးမှုန့် (၄၈၀)ဂရမ်တို့ ပါဝင်ကြောင်း သိရှိရသည်။