တာချီလိတ်မြို့ပေါ် (၃)ရပ်ကွက်အား ရေဘေးကိစ္စအတွက် ထောက်ပံ့ငွေ (၂၅)သိန်း ပေးအပ်

တာချီလိတ်မြို့ပေါ် (၃)ရပ်ကွက်အား ရေဘေးကိစ္စအတွက် ထောက်ပံ့ငွေ (၂၅)သိန်း ပေးအပ်
စက်တင်ဘာ 13, 2014
By Tachileik News Agency

တာချီလိတ်မြို့ပေါ် (၉)ရပ်ကွက်တို့တွင် စက်တင်ဘာလ(၆)ရက်နေ့က မိုးရွာခြင်း နှင့် တောင်ကျရေ အရှိန်အဟုန်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုးရွားဆုံးအဖြစ် ဖြစ်ပေါ်ခဲ့သော ပုန်းထွန်ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက် နှင့် တာလော့ရပ်ကွက်တို့တွင် သက်ဆိုင်ရာ ရပ်ကွက်များ အနေဖြင့် လမ်းပေါ်နှင့် အခြားသော နေရာများတွင် မြို့နယ်နှင့်ရပ်ကွက် ပူးပေါင်း၍ ရှင်းလင်းမှုများတွင် မြေသယ်ယူမှုများ၊ ဆယ်ယူရှင်းလင်းရာတွင် စက်သုံးဆီထည့်ရမှုများအပြင် ရေဘေးကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာများ ပေးဝေခြင်းအပြင် အထွေထွေကုန်ကျမှုများ များစွာရှိသည်အနက် ဒေသခံ စေတနာရှင် အလှူရှင်များမှ လှူဒါန်းလာသော အလှူငွေများထဲမှ အဆိုပါ ရပ်ကွက်(၃)ရပ်ကွက်အား စုစုပေါင်း ကျပ်ငွေ(၂၅)သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပေးအပ်ထောက်ပံ့သည်။

ထိုသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ပေးအပ်ထောက်ပံ့ရာတွင် စက်တင်ဘာလ(၁၂)ရက်နေ့က ၀မ်ကောင်းရပ်ကွက်အတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းကို ၀မ်ကောင်းအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ လည်းကောင်း၊ ယနေ့ စက်တင်ဘာလ(၁၃)ရက်နေ့ ညနေပိုင်းတွင် တာလော့ရပ်ကွက်အတွက် ကျပ်(၁၀)သိန်းအား တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကို နှင့် ရပ်ကွက်အဖွဲ့ဝင်များမှ လည်းကောင်း၊ ပုန်းထွန်ရပ်ကွက်အတွက် ကျပ်(၁၀)သိန်းကို ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ် နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လည်းကောင်း လက်ခံရယူခဲ့ကြသည်။

ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက်တို့တွင် ကိုယ်ထူကိုယ်ထအဖြစ် သော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ သော်လည်းကောင်း အကုန်အကျခံ၍ လုပ်ဆောင်ကြသည်နှင့်အညီ မြို့နယ်ရုံးနှင့် ရပ်ကွက်ရုံးတို့မှလည်း ပူးပေါင်း၍ ဆောင်ရွက်ကြသည့် ကိစ္စမျိုးတို့တွင် ကုန်ကျမှုများအတွက် အသုံးပြုရန်နှင့် ရပ်ကွက်အတွင်း လိုအပ်ချက်များကို ဖြည့်စွက် အသုံးပြုနိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများမှ တာချီလိတ်ရေဘေးသင့်ပြည်သူများအား စာနာသောအားဖြင့် ပေးအပ် လှူဒါန်းလာကြသော စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ငါးသေတ္တာ နှင့် အ၀တ်အထည်များ၊ စောင်များမှာ ယခုအခါမှာ အနည်းငယ် ကျန်ရှိနေသေးသည်ဖြစ်ရာ ဆက်လက်၍ လိုအပ်သည့် နေရာများတွင် ပြန်လည်၍ ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ(၆)ရက်နေ့က ခဏသာ မိုးကြီး၍ တောင်ကျရေများ၏ ရေကြီးရေလျှံမှုတို့ကြောင့် တာချီလိတ်မြို့ပေါ်(၉)ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ လူဦးရေ(၄၀၀၀)ကျော် ရှိခဲ့ပြီး နုန်းမြေများ၊ ရွှံ့နွံများတင်ကျန်မှုကြောင့် (၆)ရက်ကျော် ရှင်းလင်းခဲ့ကြရကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~