တာချီလိတ်မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု နှင့် သန့်ရှင်းသာယာလှပစေရန်အတွက် သက်ဆိုင်ရာနှင့် ပြည်သူ ပူးပေါင်းပါဝင်ရန် လိုအပ်

တာချီလိတ်မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု နှင့် သန့်ရှင်းသာယာလှပစေရန်အတွက် သက်ဆိုင်ရာနှင့် ပြည်သူ ပူးပေါင်းပါဝင်ရန် လိုအပ်
စက်တင်ဘာ 17, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက် နှင့် ၀မ်ကောင်းရပ်ကွက်တို့အကြား တသွင်သွင် စီးဆင်းနေသော နမ့်ယွန်းချောင်းသည် မြို့ထဲအနေဖြင့် ဗိုလ်ချုပ်လမ်းမကြီးကိုလည်း ဖြတ်သန်း၍ စီးဆင်းနေလျက်ရှိရာ ဗိုလ်ချုပ်လမ်းမဘေးတွင် အဓိက ရှိနေသည့် အဆိုပါ ချောင်းအတွင်း၌ ချောင်းဘေး တစ်ဘက်တစ်ချက်ရှိ နေအိမ်များနှင့် နီးစပ်ရာ ပတ်ဝန်းကျင်မှ အချို့သော ပြည်သူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် မကြာခဏ ဆိုသလိုပင် နမ့်ယွန်းချောင်းအတွင်း အမှိုက်များဖြင့် ပိတ်ဆို့နေသည့်အတွက် ရေစီးရေလာ မကောင်းမွန်ခြင်း နှင့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် မြင်တွေ့သွားသော် ကဲ့ရဲ့ဖွယ်များ ဖြစ်နေသည် နှင့်အညီ တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ (၁၇)ရက် နံနက်ပိုင်းက ချောင်းအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းများနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအပြင် နမ့်ယွန်းချောင်းအတွင်း အမြင်ရှင်းစေခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နမ့်ယွန်းချောင်းအတွင်း အမှိုက်များဆယ်ယူမှုအား မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် ဦးဆောင်သည့် စည်ပင်သာယာရေးဌာနမှ အဖွဲ့ဝင်များက ချောင်းအတွင်း ဆင်း၍ အမှိုက်များ ဆယ်ယူခြင်း နှင့် အမှိုက်များအား အိတ်များဖြင့် ထုတ်ပိုး၍ စွန့်ပစ်ခြင်းများ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။

"စည်ပင်က အခုလို အမှိုက်ဘယ်လောက် ရှင်းသွား ရှင်းသွား၊ နေ့တိုင်းဂရုမစိုက်နိုင်ရင်တော့ ဒီချောင်းထဲ အမှိုက်ပြန်ပြည့်နေဦးမှာပဲ၊ ဒီချောင်းထဲ အမှိုက်မပြစ်စေဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကလည်း အသိပညာပေးသင့်သလို မလျော့မတင်း ကိုင်တွယ်သင့်တယ်လို့ မြင်မိတယ်"ဟု ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း သုံးသပ်၍ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"တကယ်တော့ မြို့ရပ်ရွာ သန့်ရှင်းဖို့ဆိုရင် အားလုံးပူးပေါင်း ပါဝင်နိုင်မှ အဆင်ပြေလိမ့်မယ်ဗျ၊ ပြည်သူကပဲ လုပ်နေပြီး သက်ဆိုင်ရာ ဌာနတွေက ငြိမ်နေပြန်ရင်လည်း မအောင်မြင်သလို၊ သက်ဆိုင်ရာက လုပ်နေပြီး ပြည်သူတွေကလည်း လက်တွဲပူးပေါင်း ပါဝင်မှု မရှိရင် အောင်မြင်မှာမဟုတ်ဘူး၊ တာချီလိတ်မြို့အတွင်း လမ်းပေါ်တွေ၊ ရေချောင်းတွေထဲ အမှိုက်စွန့်ပစ်တာတွေ၊ ဖုန်ထတဲ့ ကိစ္စတွေကို သက်ဆိုင်ရာနဲ့ ပြည်သူ ပူးပေါင်းပြီး ဆောင်ရွက်ကြရင် တာချီလိတ်မြို့ကြီး သာယာလှပနေမှာမလွဲလို့ ပြောချင်တယ်ဗျာ"ဟု တာလော့ရပ်ကွက်နေ ဒေသခံတစ်ဦးမှလည်း အကြံပြုပြောဆိုလာသည်။

သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~