စက်တင်ဘာလ(၁၈)ရက်နေ့က တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အဓိက အားဖြင့် တာလော့ရပ်ကွက် နှင့် ပုန်းထွန်ရပ်ကွက်တို့ရှိ ရပ်ကွက်သူ၊ ရပ်ကွက်သား အချို့မှာ ရေဘေးဒဏ် ခံခဲ့ရသည့်အတွက် လတ်တလော ကာလအတွင်း ၀မ်းရေးအတွက် ကူညီဖြေရှင်းနိုင်ရန် အလို့ငှာ သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှ တဆင့် စားနပ်ရိက္ခာများ ဝေငှပေးခြင်း နှင့် လူမှုရေးအသင်းအဖွဲ့များမှ ထမင်းဗူးများ လိုက်လံဝေငှပေးခြင်းများဖြင့် ထောက်ပံ့ကူညီလျက်ရှိကြသည်။
တဆက်တည်းမှာပင် ကျိုင်းတုံမြို့ လူမှုကူညီစောင့်ရှောက်ရေးအသင်းမှ တာချီလိတ် ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ လှူဒါန်းနိုင်ရန် ကျပ်ငွေ(၁၀)သိန်းတိတိကို ကျိုင်းတုံမြို့ လူမှုကူညီ စောင့်ရှောက်ရေး အသင်း ဒုတိယဥက္ကဌ ဦးသိန်းထိုက် မှ ပေးအပ်လှူဒါန်းရာ တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့မှ လက်ခံရယူသည်။
ဆက်လက်၍ ကျိုင်းတုံမြို့ ဗုဒ္ဓဘာသာ ဘုရားကျောင်း ဂေါပကအဖွဲ့ နှင့် အမျိုးသမီး ဝေယျာဝေစ္စအဖွဲ့မှ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းကို အဆိုပါ အဖွဲ့၏ ဥက္ကဌ ဦးသိန်းထိုက် မှ ပေးအပ်လှူဒါန်းသည်။
ယခုလို လှူဒါန်းလာသည်များကို စနစ်တကျ ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှ တဆင့် ရေဘေးသင့် ပြည်သူများအား ပြန်လည်၍ ထောက်ပံ့ပေးအပ် လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရသည်။