၂၀၁၄ခုနှစ် စက်တင်ဘာလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာလ(၁၈)ရက်နေ့က မိုးကြီးရေလျှံ နစ်မြုပ်မှုများ တာချီလိတ်၌ဖြစ်ပေါ်ခဲ့ပြီး (၄)ရက်မြောက် အလွန်ဖြစ်သည့် ယနေ့ စက်တင်ဘာလ(၂၁)ရက်ထိ တာလော့ရပ်ကွက်နှင့် မယ်ဆိုင်ချောင်းအနီးတို့တွင် တင်ကျန်နေသော ရွှံ့နွံများ၊ အမှိုက်များအား ဆက်လက်၍ တပ်မတော်နှင့် ပြည်သူများ၊ သက်ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့မှ စုပေါင်း ရှင်းလင်းနေလျက်ရှိသည်ကို တွေ့ရှိရသည်။
တာချီလိတ် ရေကြီးရေလျှံမှု၏ (၄)ရက်မြောက်တွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်ကြပ်မတ်ကွပ်ကဲသည့် တာချီလိတ်တပ်နယ်မှ တပ်မတော်သား အယောက်(၁၂၀)မှ တလော့ရပ်ကွက်အတွင်း နှင့် ထိုင်း - မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတား အနီးရှိ ရွှေနန်းတော်ကုန်တိုက် နှင့် ခရိုင်လ၀က၀န်းအတွင်း တက်ကြွစွာဖြင့် ဆောင်ရွက်ကြသည်။
ယင်းအပြင် တာချီလိတ်တပ်နယ်မှ တပ်မတော်သားများသည် တာလော့ဈေးနှင့် တာလော့ စာသင်ကျောင်းအတွင်းတို့တွင်လည်း တင်ကျန်နေသော ရွှံ့နွံများ၊ နုန်းများအား ရှင်းလင်းခြင်းများကို ပြည်သူများနှင့် ပူးပေါင်း၍ ဆောက်ရွက်ခဲ့ကြသည်။
ထို့အတူပင် တာလော့ဈေးအတွင်းနှင့် အနီးတ၀ိုက်တွင် စည်ပင်သာယာရေးကော်မတီဝင်များ၊ ရှမ်း(ရှေ့) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိပ်)နှင့် အဖွဲ့အပါအ၀င် တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကို နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများ နှင့် ပြည်သူလူထုများမှလည်း တက်ကြွစွာဖြင့် မမောနိုင် မပမ်းနိုင် ၀ိုင်းဝန်း ရှင်းလင်းနေကြသည်ကိုလည်း တွေ့ရှိရသည်။
တာလော့ဈေးအတွင်း၌ ရေကြီးရေလျှံမှုများကြောင့် ဆိုင်ရှင်များမှ ၎င်းတို့၏ ဆုံးရှုံးမှု တန်ဖိုးကို ထုတ်ဖော်ပြောခြင်း မရှိသော်လည်း ခန့်မှန်းအနေဖြင့် ကျပ်သိန်း(၅၀၀)အထက် ရှိကြောင်း သိရသည်။
စက်တင်ဘာလထဲတွင် နှစ်ကြိမ်တိတိ ရေကြီးရေလျှံမှုဖြစ်ပွားသည့်အတွက် တင်ကျန်နေခဲ့သော ရွှံ့နွံနှင့်နုန်းများအား ရှင်းလင်းဖယ်ရှားပြီး စွန့်ပစ်နိုင်ရန်အတွက် ဘိလပ်မြေအိတ်များဖြင့် ပြန်လည်၍ ထုတ်ပိုးရသည်ဖြစ်ရာ ဘိလပ်မြေအိတ်ခွံများအား တစ်အိတ်လျှင် (၁)ဘတ်နှုန်းဖြင့် ၀ယ်ယူရရှိရာမှ ယခုအခါမှာ ဘိလပ်မြေတစ်အိတ်လျှင် (၅)ဘတ်နှုန်းအထိ ပေး၍ ၀ယ်ယူနေရသည်ဖြစ်ကြောင်းလည်း သိရှိရသည်။