လယ်မြေများ နှစ်ပေါင်းအတော်ကြာ သိမ်းဆည်းခံထားရသည့် တိုင်းရင်းသား တောင်သူများက လယ်မြေများ ပြန်လည် ပိုင်ဆိုင်လို

လယ်မြေများ နှစ်ပေါင်းအတော်ကြာ သိမ်းဆည်းခံထားရသည့် တိုင်းရင်းသား တောင်သူများက လယ်မြေများ ပြန်လည် ပိုင်ဆိုင်လို
အောက်တိုဘာ 31, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်တွင် ၁၉၉၂ခုနှစ် ဒီဇင်ဘာလမှ စ၍ တပ်မတော်မှ အသုံးပြုရန် လိုအပ်သည်ဟု ဆိုကာ သိမ်းဆည်းထားသော လယ်မြေများနှင့် အခြားသော ဌာနများမှ သိမ်းဆည်းထားသော လယ်မြေများနှင့် ပတ်သက်၍ နှစ်ပေါင်းအတော်ကြာ သိမ်းဆည်းခံထားရသော တိုင်းရင်းသားတောင်သူများက ပြည်သူဗဟိုပြု ကာလဖြစ်သည့် ယနေ့ခေတ်ကာလတွင် ၎င်းတို့၏ လယ်မြေများအား ပြန်လည်ရယူရန် တောင်းဆို၍ ရပြီဖြစ်ကြောင်း သိရှိပြီးနောက် ၎င်းတို့အနေဖြင့် လူအင်အား (၄၀၀)ပါသည့် လူထုဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်လိုသည့် အတွက် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်မှုဖြစ်ရန် မည်သို့ ဆောင်ရွက်ရမည်ကို သိရှိလို၍ ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် လယ်ယာမြေသိမ်းဆည်းခံ တိုင်းရင်းသား တောင်သူ ကိုယ်စားလှယ် (၅၈)ဦးမှ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးသို့ လာရောက်ပြီး အကူအညီတောင်းခံကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသား တောင်သူများသည် ၎င်းတို့၏ လယ်မြေများအား ပြန်လည်ပိုင်ဆိုင်လိုသည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်လိုသည်ဖြစ်ရာ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မတီဝင်များက ဆန္ဒထုတ်ဖော်သည့်အခါမှာ အဆိုးနှင့်အကောင်း၊ ဒွန်တွဲနေကြောင်း၊ ဆန္ဒထုတ်ဖော်တိုင်း အောင်မြင်သည်မဟုတ်၊ ဆန္ဒထုတ်ဖော်ခြင်းသည် မိမိတို့ တောင်းဆိုခြင်း၏ နောက်ဆုံးအဆင့် ဖြစ်ကြောင်း၊ ထို့အတွက် ဆန္ဒထုတ်ဖော်ခြင်း မပြုဘဲ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် စသည့်တို့ကို တရားဝင် စာတင်၍ ဆောင်ရွက်စေလိုကြောင်း နှင့် တရားဝင်စာတင်ရေးကိစ္စရပ်များကို လိုအပ်ပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ တိုင်းရင်းသား တောင်သူ ကိုယ်စားလှယ် (၅၈)ဦးသည် ဆေးခမ်းရပ်ကွက်ရှိ ၀မ်လုံ၊ ၀မ်ဟောင်ရွာ အပါအ၀င် ပါဆတ်ရပ်ကွက်မှလည်း ပါဝင်ကြောင်း သိရသည်။ ၎င်းတို့၏ ပိုင်ဆိုင်မှု လယ်မြေများသည် စက်မှုဇုံအတွင်း လယ်မြေများနှင့် တပ်မတော်မှ သိမ်းဆည်းထားသော တပ်ပိုင်မြေအချို့လည်း ပါဝင်ကြောင်းသိရသည်။

တာချီလိတ်ခရိုင်အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃)တွင် လယ်ယာမြေကိစ္စရပ်များနှင့် ပတ်သက်၍ ဖြေရှင်းပေးရမည့် ဌာနများ၊ အဖွဲ့အစည်းများထဲတွင် ပြည်နယ်အစိုးရ၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ လယ်ဆယ်၊ စသည့် ဌာနများပါဝင်ပြီး အဆိုပါ အစီရင်ခံစာထဲတွင် ပါရှိသော ဖြေရှင်းပေးရမည့် ဌာနများအနေဖြင့် ထိရောက်ပြီးပြတ်သည်အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တာချီလိတ်ခရိုင်တွင်း တပ်ပိုင်မြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှာ စာရင်းအရ ဧကပေါင်း (၆၀၁.၅၄)ဧကရှိပြီး ရှမ်းပြည်နယ်တစ်ခုလုံး အတိုင်းအတာအရ ဧကပေါင်း ( ၂၁၉၇၀.၆၆)ဧက ရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃)၏ ဖော်ပြချက်အရ သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~