ရပ်ရွာအေးချမ်းရေး နှင့် ပြည်သူအသိပညာပေး အနေဖြင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ ၀မ်ကောင်းရပ်ကွက်အတွင်း ဟောပြော

ရပ်ရွာအေးချမ်းရေး နှင့် ပြည်သူအသိပညာပေး အနေဖြင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ ၀မ်ကောင်းရပ်ကွက်အတွင်း ဟောပြော
နိုဝင်ဘာ 13, 2014
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း ဒုစရိုက်မှုများ ကင်းစင်ရေးနှင့် အဖျက်အမှောက်လုပ်ငန်းများ တားဆီးကာကွယ်ရေး၊ ယာဉ်မတော်တဆ တိုက်မှုများ နှင့် လူကုန်ကူးမှုတားဆီးရေးများ စသည့် ကိစ္စများနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးမှု အဖြစ် ဟောပြောမှုကို ယနေ့ နိုဝင်ဘာလ (၁၃)ရက် နေ့လယ်ပိုင်းက ၀မ်ကောင်းရပ်ကွက်တွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းထွန်း ဦးဆောင်သည့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ပရိုဂျက်တာဖြင့် ဟောပြောရှင်းလင်းခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်းက ရဲတပ်ဖွဲ့၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တ၀ံ့ ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးက မြို့လုံခြုံရေး နှင့် အဖျက်မှောက် ပြုလုပ်မည့် မသင်္ကာသူများ တွေ့ရှိပါက ရဲတပ်ဖွဲ့အား သတင်းပေး၍ ရဲနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ရေးကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စခန်းမှူး ဒု-ရဲမှူး ကျော်သန်း မှ မှုခင်းများ မဖြစ်ပေါ်စေရေး နှင့်  ဖြစ်ပေါ်လာပါက ရပ်ကွက်နေပြည်သူများ အနေဖြင့် ဖာတိဖာသာ မနေဘဲ ပူးပေါင်းဆောင်ရွက်သင့်သည့် အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ရှင်းလင်းပြောကြားပြီး လူကုန်ကူးခံရခြင်းများနှင့် ပတ်သက်၍ အသိပညာပေးမှုကို တာချီလိတ် လူကုန်တား ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ရင်ရင်အေး က ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်အတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော ယာဉ်မတော်တဆ တိုက်မှုများနှင့် ပတ်သက်၍ ရပ်ကွက်တွင်းရှိ ပြည်သူများ ယာဉ်/လမ်း စည်းကမ်း တတ်သိနားလည် စေရန်အတွက်  ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ဇေယျက ပရိုဂျက်တာဖြင့် လက်တွေ့ပြသကာ ရှင်းလင်း ဟောပြောပြီးနောက် ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ရပ်ကွက်လုံခြုံရေး နှင့် ရပ်ကွက်အတွင်း မှုခင်းများ မဖြစ်ပေါ်စေရေးတို့ အတွက် မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးရုံး အဖွဲ့ဝင်များမှလည်း တက်အားသ၍ ဆောင်ရွက်နေလျက်ရှိကြောင်း နှင့် ရပ်ကွက်လူထုများမှလည်း မသင်္ကာသူများတွေ့ရှိရပါက အသိပေးခြင်းဖြင့် ပူးပေါင်း ပါဝင်စေလိုကြောင်း ပြောကြားသည်။

၎င်းနောက် ၀မ်ကောင်းရပ်ကွက် သာရေး/နာရေး အသင်း ဥက္ကဌ ၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့ဝင် ဦးမြင့်သိန်း နှင့် ရပ်ကွက်နေ လူထုမှလည်း ဆွေးနွေးတင်ပြရာ ၎င်းတို့ သိရှိလိုသော အကြောင်းအရာများကို ရဲတပ်ဖွဲ့မှ ပြန်လည်၍ ရှင်းလင်းခဲ့ကြသည်။

သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~