(၂၅)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်၌ ကျင်းပ

(၂၅)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်၌ ကျင်းပ
နိုဝင်ဘာ 20, 2014
By Tachileik News Agency

ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ၂၅ နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူ စာချုပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၂၀)ရက်၊ နံနက် (၉) နာရီက တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ တရုတ်ဘုံကျောင်း မင်္ဂလာခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(တာချီလိတ်) နှင့် ဝေါလ်ဗီရှင်(မြန်မာ) တာချီလိတ် တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၉၀၀)ကျော် တက်ရောက်လာခဲ့ကြသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ တာချီလိတ်ခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာ စကားပြောကြားရာတွင် အဆိုပါစာချုပ် ချုပ်ဆိုမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့က အတည်ပြု ပြဌာန်းပေးခဲ့ပြီးနောက် ယခု ၂၀၁၄ခုနှစ်ဆိုလျှင် (၂၅)နှစ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်နှင့် အညီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း စသည်ဖြင့် ပြောကြားသွားသည်။
တဆက်တည်းမှာပင် ဒုတိယဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူကြီးဝင်းထွန်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် ကလေးသူငယ် ဥပဒေပါ အကြောင်းအရာများအား ရှင်းလင်း ဖတ်ကြားသည်။

ဆက်လက်၍ တာချီလိတ်ခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကျိုင်းတုံ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်မြင့်က ၎င်းတို့ လူမှုဝန်ထမ်းဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တာချီလိတ်မြို့နယ်တွင် အသိအမှတ်ပြု ထောက်ပံ့ကြေးရ မူကြို(၁၇)ကျောင်း နှင့် အသိအမှတ်ပြု ပုဂ္ဂလိက မူကြို (၅)ကျောင်းမှ ကလေးသူငယ် (၂၀၀၀)ခန့်ကို ECCD ခေါ် ရှေးဦး အရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများနှင့် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း ရှင်းလင်း တင်ပြသည်။

ယင်းနောက် ကလေးသူငယ် အခွင့်အရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြသော အဖွဲ့အစည်းများ ကိုယ်စား World Vision (မြန်မာ) မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နည်းပညာ တာဝန်ခံ အရာရှိ ဦးဇေယျာလင်းက လက်ရှိပါဝင်ဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

ရှင်းလင်းပြောကြားမှုများ အပြီးတွင် အဆိုပါ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီးသော "ကလေးသူငယ် အခွင့်အရေး ၀ိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေး"ခေါင်းစဉ်ဖြင့် ထက်/လယ်/မှုအဆင့် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ် ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တာချီလိတ်မြို့ ရွှေတောင်တန်း နှင့် အောင်မင်္ဂလာ ပရဟိတဂေဟာ အပါအ၀င် တာချီလိတ်မြို့နယ် အတွင်းရှိ မူကြိုကျောင်းများမှ ကလေးသူငယ်များ နှင့် တာလေမြို့ရှိ ကျောင်းသား၊ ကျောင်းသူ အချို့တို့မှ ပြဇာတ် နှင့် အက၊ တေးသရုပ်ဖော် စသည့် ဖျော်ဖြေမှုများဖြင့် တက်ရောက်လာသည့် ဒေသအုပ်ချုပ်ရေး အကြီးအကဲများ၊ ထိုင်းနိုင်ငံဘက်မှ ဧည့်သည်တော်များ နှင့် ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများအား ကပြတင်ဆက်ခဲ့ကြသည်။

ကလေးသူငယ်များမှ ကပြဖျော်ဖြေတင်ဆက်ရာတွင် အကအဖွဲ့များအား တာချီလိတ်ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်တို့ အပါအ၀င်  ဝေါလ်ဗီးရှင်(မြန်မာ) တာချီလိတ်၊ ပွင့်သစ်စမူကြို၊ ချမ်းမြေ့ရိပ်မွန်မူကြို၊ ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ဈေး၊ အိမ်မက်ရွာဆောက်လုပ်ရေး၊ ပုဂ္ဂလိက အင်္ဂလိပ်စာသင်ကျောင်း(NIEC) နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောင်းသားမိဘများ အပါအ၀င် ထိုင်းနိုင်ငံမှ ဧည်သည်တော်များက ဂုဏ်ပြုလက်ဆောင်များ၊ ဂုဏ်ပြုဆုငွေများဖြင့် ပေးအပ်ချီးမြှင့်ကြသည်။

ယခုလို အခမ်းအနားအား ပြီးခဲ့သည့် နိုဝင်ဘာလ(၁၅)ရက်နေ့က တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ(တာချီလိတ်) နှင့် ဝေါလ်ဗီရှင်(မြန်မာ) တာချီလိတ်တို့ ပူးပေါင်းပြီး အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးကြောင်းလည်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။   ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
(၂၅)နှစ်မြာက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ တာချီလိတ်တွင်......

153 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~ ကြော်ငြာ ~~~~~~~~~