မယ်ဆိုင်မြို့အထွက်တွင် ဆီးစစ်ပြီး အဖမ်းခံရသည့် မြန်မာနိုင်ငံသားတစ်ဦးအား မြန်မာဘက် TBC မှ သွားရောက် ကူညီ

မယ်ဆိုင်မြို့အထွက်တွင် ဆီးစစ်ပြီး အဖမ်းခံရသည့် မြန်မာနိုင်ငံသားတစ်ဦးအား မြန်မာဘက် TBC မှ သွားရောက် ကူညီ
နိုဝင်ဘာ 21, 2014
By Tachileik News Agency

မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ဒေသခံများအပြင် ပြည်တွင်းမှ မြန်မာနိုင်ငံသားများ အပါအ၀င် သွားရောက်လေ့ရှိသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မူးယစ်ဆေးဝါး စီမံချက်အဖြစ် စစ်ဆေးတိုင်းတာ ဖမ်းဆီးမှုဟု ခေါင်းစဉ်တပ်ကာ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်မှ ရောက်ရှိလာသော မြန်မာနိုင်ငံသား အမျိုးသားများနှင့် တရားဝင် ဗီဇာဖြင့် ဘန်ကောက်မှ တဆင့် ၀င်ရောက်လာသော မြန်မာနိုင်ငံသား အမျိုးသားများကိုသာ သီးသန့်အနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိ သိရှိရန်အတွက် ဆီးစစ်ဆေးကာ အရေးယူမှုများ၊ ငွေညှစ်မှုများ စသည်ဖြင့် ရှောင်တခွင် သော်လည်းကောင်း၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် သော်လည်းကောင်း ပြုလုပ်နေလျှက်ရှိရာ နိုဝင်ဘာလ (၁၄)ရက် ည(၇)နာရီ အချိန်ခန့်က မယ်ဆိုင်မြို့အထွက် စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသားတစ်ဦး ဆီးစစ်ဆေးခံရပြီးနောက် ထိုင်းရဲများက အရေးယူထားသည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်း-မြန်မာ နယ်ခြားကော်မတီ(မြန်မာ) မှ ဦးဘိုလေးနှင့်အဖွဲ့မှ သွားရောက် ကူညီပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၂၆)နှစ်အရွယ်ရှိ မောင်ဝေယံပေါ် သည် ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ၀င်ရောက်ထားရှိပြီး မယ်ဆိုင်မြို့သို့ လာရောက်လည်ပတ်ပြီးနောက် နိုဝင်ဘာလ (၁၄)ရက် ည(၇)နာရီ အချိန်က မယ်ဆိုင်မြို့မှ ထွက်ခွာစဉ် မြို့အထွက်ရှိ စစ်ဆေးရေးဂိတ်အရောက်၌ ထိုင်းရဲများက စစ်ဆေးပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိ သိရှိနိုင်ရန်အတွက် ဆီးစစ်တိုင်းတာပြီးနောက် ထိုင်းရဲများက ဖမ်းဆီးထားတာ ဖြစ်ကြောင်း မြန်မာဘက် TBC မှ ဦးဘိုလေး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးမှ သိရှိရသည့် အတွက် နိုဝင်ဘာလ(၁၉)ရက်နေ့ညပိုင်းက မြန်မာဘက် TBC မှ ဦးဘိုလေးအား သွားရောက် ကူညီဖြေရှင်းနိုင်ရန် အတွက် ညွှန်ကြားလာခဲ့ရာမှ မြန်မာဘက် TBC မှ ဦးဘိုလေး ဦးဆောင်သည့်အဖွဲ့က နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက မယ်ဆိုင်မြို့ရှိ ရဲစခန်းသို့ သွားရောက်၍ ညှိနှိုင်းရာ ထိုင်းရဲများက မောင်ဝေယံပေါ် ကို အမှုဖွင့်ထားပြီဖြစ်ကြောင်းနှင့် ၎င်း၏ အမှုကိစ္စအား ချင်းရိုင်းတရားရုံးသို့ သွားရောက်၍ အာမခံလျှင် ရနိုင်ကြောင်း ပြန်လည်၍ ပြောဆိုလာကြောင်း သိရသည်။

ဆက်လက်၍ မောင်ဝေယံပေါ် ကိစ္စအား အာမခံပေးနိုင်ရေးအတွက် ထိုင်း-မြန်မာ နှစ်ဖက် နယ်ခြားကော်မတီမှ တာဝန်ရှိသူများမှ ချင်းရိုင်းသို့ သွားရောက်၍ အာမခံကိစ္စအား ဆောင်ရွက်ကြပြီးနောက် ယနေ့ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် မောင်ဝေယံပေါ်အား ကောင်းမွန်စွာဖြင့် ပြန်လည်၍ ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ထိုင်းရဲများအနေဖြင့် မြန်မာနိုင်ငံသား အမျိုးသားများကိုသာ ဆီးစစ်ဆေးသည့် ကိစ္စနှင့်ပတ်သက်၍ မယ်ဆိုင်မြို့သည် မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် နီးစပ်သည့်အတွက် အထူးဒေသအဖြစ် သတ်မှတ်ထားပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆီးစစ်ဆေးသာ ဖြစ်ကြောင်း ဆိုသော်လည်း ၎င်းတို့အနေဖြင့် ယခုလို ဆီးစစ်ဆေးမှုများ အပြီးတွင် များသောအားဖြင့် ငွေညှစ်တောင်းခံသည့် ကိစ္စရပ်များ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~