တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး အသိပညာပေး အနေဖြင့် မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်နေလျှက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၁)ရက် နံနက်ပိုင်းက ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုသို့ သွားရောက်၍ ကျန်းမာရေး အသိပညာပေးမှုများ၊ လူကုန်ကူးမှု အသိပညာပေးမှုများ နှင့် ထောက်ပံ့မှုများ စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့ ပါဝင်သည့် ခရိုင်/မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မြင့် အပါအ၀င် မယ်ယန်းလက်ထောက် ကျန်းမာရေးမှူး ဦးအောင်မြင့် နှင့် ကျန်းမာရေး အဖွဲ့ဝင်များက ကျန်းမာရေး အသိပညာပေးနှင့် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများအား တက်ရောက်လေ့လာသည့် ရွာသူရွာသားများအား ဟောပြောခဲ့ကြသည်။
ထိုသို့ အသိပညာပေးအဖြစ် ဟောပြောရာတွင် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် က "အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေး"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော်မှ သားအိမ်ကင်ဆာ နှင့် ရင်သားကင်ဆာ ရောဂါများနှင့် ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးမှူး ဦးအောင်မြင့်က တီဘီရောဂါ နှင့် ပတ်သက်၍ လည်းကောင်း၊ ကျိုင်းတုံ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မြင့် မှ လူမှောင်ခို/အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများ နှင့်သော်လည်းကောင်း စသည့် အသိပညာပေးမှုများကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်းဟောပြောခဲ့ကြသည်။
ထိုသို့ ရှင်းလင်းဟောပြောမှုများ အပြီးတွင် တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား အာဟာရအဖြစ် စားစရာများအား ပေးဝေခဲ့ကြပြီးနောက် ကျေးရွာအတွင်းရှိ တီဘီရောဂါ ခံစားနေရသူ နှစ်ဦးအား ကျန်မာရေးထောက်ပံ့မှုအနေဖြင့် အာဟာရဖြည့် စားစရာများနှင့် ထောက်ပံ့ငွေများအား ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အဆိုပါ အဖွဲ့သည် ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရပြီး တာချီလိတ်သို့ ပြန်လည် ရောက်ရှိလာသည့် တိုင်းရင်းသူအား သွားရောက် ကြည့်ရှုအားပေးပြီး ကောင်းရောင်း၊ ကောင်းဝယ် လုပ်ငန်းများဖြင့် သက်မွေးနိုင်ရန်အတွက် စီးပွားရေးလုပ်ကိုင်လိုပါက အရင်းအနှီးမရှိလျှင် အမျိုးသမီးရေးရာအဖွဲ့မှ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း စသည့်ဖြင့် ပြောကြား၍ အားပေးခဲ့ကြသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~