ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အများဆုံးနေထိုင်ပြီး ထိုင်း၊ လာအို၊ တရုတ် နှင့် ထိုင်ဝမ်တို့တွင်လည်း နေထိုင်လျှက်ရှိသည့် အာခါတိုင်းရင်းသားတို့၏ အာခါရိုးရာ ခါးထောင်းဖါး စုပေါင်းနှစ်သစ်ကူးပွဲတော်ကို (၇)ကြိမ်မြောက်အဖြစ် ဒီဇင်ဘာလ(၈)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
ယခု ကျင်းပမည့် အာခါနှစ်သစ်ကူးပွဲတော်တွင် အာခါရိုးရာ ပစ္စည်းများ၊ အ၀တ်အထည်များကို စုံလင်စွာ ရရှိနိုင်မှာဖြစ်ပြီး ကျိုင်းတုံမှ လာရောက်၍ အာခါရိုးရာ ဒေသထွက် အသီးအနှံများ အသားငါးများဖြင့် ချက်ပြုတ်ရောင်းချနေသည့် စားသောက်ဆိုင်လည်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ယင်းပွဲတော်ကို ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသအတွင်းမှ အာခါတိုင်းရင်းသားများအပြင် ထိုင်း၊ လာအို၊ တရုတ် စသည်တို့မှ အာခါတိုင်းရင်းသားများလည်း လာရောက်ကြမည်ဖြစ်ရာ ယခင်နှစ်ထက် ယခုနှစ်မှာ ပိုမိုစည်ကားမှာ ဖြစ်ကြောင်း သိရသည်။
ပွဲတော်၏ ဖွင့်ပွဲကို ဒီဇင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်မှာဖြစ်ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်(၉)နာရီတွင် "သွယ်" ဟော့ပေါ့ စားသောက်ဆိုင်၌ အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိလာသော အာခါတိုင်းရင်းသားများနှင့် တွေ့ဆုံ၍ အာခါအမျိုးသား ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ကြမှာဖြစ်ကြောင်းလည်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်