အာခါရိုးရာ ခါးထောင်းဖါး စုပေါင်း အာခါနှစ်သစ်ကူးပွဲတော် တာချီလိတ်၌ (၇)ကြိမ်မြောက်အဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပ

အာခါရိုးရာ ခါးထောင်းဖါး စုပေါင်း အာခါနှစ်သစ်ကူးပွဲတော် တာချီလိတ်၌ (၇)ကြိမ်မြောက်အဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပ
ဒီဇင်ဘာ 9, 2014
By Tachileik News Agency

ရှမ်းပြည်နယ် ကျိုင်းတုံ၊ တာချီလိတ် နှင့် မိုင်းဆတ် စသည့်  အရှေ့ပိုင်းဒေသများတွင် အများဆုံး နေထိုင်ကြပြီး ထိုင်း၊ လာအို၊ တရုတ်၊ စသည့် နိုင်ငံများတွင်လည်း ပျံ့နှံ့နေထိုင်လျှက်ရှိသည့် အာခါတိုင်းရင်းသားများ၏ စုပေါင်း အာခါရိုးရာ ခါးထောင်းဖါး ပွဲတော်ကို  (၇)ကြိမ်မြောက်အဖြစ် တာချီလိတ်မြို့နယ်၊ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၈)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ရာ အဆိုပါ ပွဲတော်၏ ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ(၉)ရက် နံနက် (၁၀)နာရီအချိန်က စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် အာခါအမျိုးသား ကိုယ်စားလှယ် (၄)ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးက အာခါတိုင်းရင်းသားများနှင့် ပတ်သက်၍ အာခါတိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ အာခါတိုင်းရင်းသားများတွင် ပညာတတ်များ ပေါ်ထွက်လာလျှက်ရှိပြီး နိုင်ငံတော်တာဝန်များကိုလည်း သက်ဆိုင်ရာအလိုက် ထမ်းဆောင်နေကြသည် များကိုလည်း တွေ့ရှိရကြောင်း နှင့် စာပေယဉ်ကျေးမှု စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားသွားသည်။

ယင်းနောက် အာခါတိုင်းရင်းသားများကိုယ်စား၊ ပွဲတော်ကျင်းပရေး နာယက၊ အာခါရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမင်းညို က ၎င်းတို့၏ အာခါတိုင်းရင်းသားများ နှင့် ပတ်သက်၍ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုလို ကျင်းပပြုလုပ်သော ပွဲတော်သည် အာခါတိုင်းရင်းသားများ၏ သွားလေသူ ဘိုးဘေးများမှာ အစဉ်စောင့်ရှောက်လျှက်ရှိဆိုသည့် ယုံကြည်ကိုးကွယ်မှု ဘာသာတရားမှ ဆင်းသက်လာပြီး ရှေးပဝေသဏီကတည်းကပင် အစဉ်အလာမပျက် ကျင်းပပြုလုပ်လာခဲ့သော ပွဲတော်ဖြစ်ကြောင်း၊ ယခင်က ယခုလို မိသားစုအလိုက်၊ ကျေးရွာအလိုက် ကျင်းပပြုလုပ်ခဲ့ကြသော်လည်း၊ ယခုအခါမှာတော့ အခြားမိတ်ဆွေ သင်္ဂဟများ၊ တိုင်းရင်းသား ညီအစ်ကိုများနှင့် အနယ်နယ်အရပ်ရပ်မှ အာခါတိုင်းရင်းသားများဖြင့် စုပေါင်းဆင်နွှဲနိုင်ရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်လာခဲ့သည်မှာ ယနေ့ ဆိုလျှင် သတ္တမအကြိမ်မြောက်ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 တဆက်တည်းမှာပင် ၎င်းမှ ခါးထောင်းဖါးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အာခါလူမျိုးတို့၏ မူလအစ ယုံကြည်ကိုးကွယ်မှု ဘာသာ(အာခါဇန်း)ဖွံ့ဖြိုးတိုးတက်စေရန် လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမွေအနှစ်များဖြစ်သော ဘာသာ သာသနာ၊ စာပေစကား၊ ၀တ်စားဆင်ယင်မှု၊ ရိုးရာ ဓလေ့များကို လေးစားလိုက်နာပြီး ဂုဏ်ယူလာနိုင်စေရန်အတွက် လည်းကောင်း၊ မိမိတို့၏ တိမ်မြှုပ်နေသော  ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန် အတွက်လည်းကောင်း၊ အနယ်နယ် အရပ်ရပ်မှ အာခါတိုင်းရင်းသား ညီအစ်ကိုများ၊ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် လည်းကောင်း စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်တာ ဖြစ်ကြောင်း ထပ်မံရှင်းလင်း ပြောကြားသည်။

ထို့နောက် ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်လာသည့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များ နှင့် တိုင်းရင်းသားများအား အနယ်နယ် အရပ်ရပ်မှ အာခါအမျိုးသား ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

တာချီလိတ်မြို့တွင် သတ္တမအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်သည့် အာခါရိုးရာ ခါးထောင်းဖါး စုပေါင်းနှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်းမှ အာခါတိုင်းရင်းသားများ၊ လာအို၊ ထိုင်း နှင့် တရုတ်နိုင်ငံတို့မှ အာခါတိုင်းရင်းသားများ လာရောက်၍ ဆင်နွှဲခဲ့ကြသည်။

ယခုပွဲတော်သို့ တက်ရောက်ဆင်နွှဲကြသည့် အနယ်နယ် အရပ်ရပ် နှင့် အိမ်နီးချင်း နိုင်ငံများမှ အာခါတိုင်းရင်းသားများမှ ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်(၉)နာရီတွင် "သွယ်" ဟော့ပေါ့ စားသောက်ဆိုင်၌ တွေ့ဆုံ၍ အာခါအမျိုးသား ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ကြမှာဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။   ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
အာခါရိုးရာ ခါးထောင်းဖါး စုပေါင်း အာခါနှစ်သစ်ကူးပွဲတော် တာချီလိတ်၌

75 photos
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~