အမေရိကန် သံရုံး အဖွဲ့ နှင့် တာချီလိတ်မြို့မှ ပါတီ(၅)ခုတို့ တွေ့ဆုံ

အမေရိကန် သံရုံး အဖွဲ့ နှင့် တာချီလိတ်မြို့မှ ပါတီ(၅)ခုတို့ တွေ့ဆုံ
ဒီဇင်ဘာ 11, 2014
By Tachileik News Agency

အမေရိကန်သံရုံး(ရန်ကုန်)မှ  Mrs. Lindsay Kennedy ပါဝင်သော တာဝန်ရှိ (၃)ဦးသည် တာချီလိတ်မြို့နယ်သို့ ရောက်ရှိလာပြီး ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက် မွန်းလွဲ(၁)နာရီအချိန်က တာချီလိတ်မြို့နယ်ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)ရုံးခန်းတွင် မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီ (၅)ခုနှင့် တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန်သံရုံး(ရန်ကုန်)မှ  Mrs. Lindsay Kennedy ဦးဆောင်သော အဖွဲ့နှင့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD )၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD )၊ "ဝ"တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ( WNUP )၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ) နှင့် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ( LNDP )တို့မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံကြတာဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမှုနှင့် စပ်လျဉ်း၍ သံအဖွဲ့က အမေရိကန်သံရုံး အနေဖြင့် သံတမန်ရေးအရ နေပြည်တော်မှ အစိုးရနှင့် ဆက်ဆံ လုပ်ကိုင်ရုံနှင့် ပြီးပြည့်စုံခြင်း မရှိနိုင်သည့် အတွက် ယခုလို အောက်ခြေရှိ အနယ်နယ် အရပ်ရပ်မှ နိုင်ငံရေး၊ စီးပွားရေး အဖြစ်အပျက် အဖြစ်မှန်များကို သိရှိလိုသည့်အတွက် ယခုလို လာရောက် တွေ့ဆုံရတာဖြစ်ကြောင်း ကနဦး ရှင်းပြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တက်ရောက်လာသည့် ပါတီကိုယ်စားလှယ်များ နှင့် အမေရိကန်သံရုံး အဖွဲ့တို့မှ ရွေးကောက်ပွဲ ကော်မရှင်အပေါ် ထင်မြင်ယူဆချက်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှု အခြေအနေများ အပြင် တာချီလိတ်မှ မူးယစ်ဆေးဝါး အခြေအနေများနှင့် ပတ်သက်၍ တားဆီးတိုက်ဖျက်သည့် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် အမြင်များ အပြင် နယ်စပ်စီးပွားရေး အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သတင်း  ။   ။ ကိုဇောင်း
Photo: Sai Noom Twe

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~