ခိုတောင်လူသတ်မှုအတွက် နိုင်ငံခြားသား သက်သေနှစ်ဦး တင်နိုင်ရန် ထိုင်းရှေ့နေကောင်စီ နှင့် မြန်မာအဖွဲ့ ပူးပေါင်းကြိုးပမ်း

ခိုတောင်လူသတ်မှုအတွက် နိုင်ငံခြားသား သက်သေနှစ်ဦး တင်နိုင်ရန် ထိုင်းရှေ့နေကောင်စီ နှင့် မြန်မာအဖွဲ့ ပူးပေါင်းကြိုးပမ်း
ဒီဇင်ဘာ 19, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းလူသတ်မှုအတွက် နိုင်ငံခြားသား သက်သေနှစ်ဦးကို တင်ပြနိုင်ရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနှင့် မြန်မာနိုင်ငံမှ အကူအညီပေးနေသည့် အဖွဲ့အစည်းများ ပူးပေါင်းကာ ထိုင်းတရားရုံးသို့ တင်ပြထားကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

အဆိုပါ သက်သေနှစ်ဦးမှာ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ရင်ဆိုင်နေရသည့် လူသတ်မှုနှင့် ဆက်စပ်နေပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်သဖြင့် ၎င်းတို့နှင့် ချိတ်ဆက်ရန် ကြိုးပမ်း နေကြောင်း ဦးအောင်မျိုးသန့်က ရန်ကုန်မြို့တွင် ဒီဇင်ဘာလ (၁၈)ရက်က ကျင်းပသည့် ခိုတောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“သူတို့နှစ်ဦးကို အခုလို တင်သွင်းထားပြီး ထွက်ဆိုခိုင်းရင်တော့ ဆက်စပ်အနေနဲ့ အမှုမှန်ပေါ်လာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် လက်ရှိမှာလည်း သူတို့နှစ်ဦးနဲ့ ချိတ်ဆက်ဖို့ကြိုးစားနေပါတယ်။ နိုင်ငံခြားမှာ နေတာ ဆိုတော့ ပိုလွယ်ပါတယ်”ဟု ဦးအောင်မျိုးသန့်က ပြောသည်။

ခိုတောင်ကျွန်းတွင် ဗြိတိန်လူမျိုးနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား သံသယရှိသူများအဖြစ် ထိုင်းနိုင်ငံတွင် အမှုရင်ဆိုင်နေရသဖြင့် အဆိုပါအမှုအတွက် မြန်မာအစိုးရ တာဝန် ရှိသူများ အပါအ၀င် မြန်မာနိုင်ငံမှ အကူအညီပေးရေးအဖွဲ့များက အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ယခုတင်ပြရန် ကြိုးပမ်းနေသည့် သက်သေနှစ်ဦးမှာ အခင်းဖြစ်ပွားပြီးနောက် ဓါးဒဏ်ရာဖြင့် ဗြိတိန်နိုင်ငံသို့ ပြန်သွားသည့် ဗြိတိန်နိုင်ငံသားတစ်ဦးနှင့် အသတ်ခံရသည့် ဗြိတိန်စုံတွဲနောက်ဆုံးထိုင်ခဲ့သည့် စားသောက်ဆိုင်မှ ဂစ်တာတီးသူ တစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံသားတို့ နှစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံသားမှာ လက်ရှိတွင် တိမ်းရှောင်နေကြောင်း ဦးအောင်မျိုးသန့်ထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ သက်သေတွေကို သုံးမျိုး ထားပါတယ်။ ကြားတဲ့သက်သေ၊ မြင်တဲ့သက်သေ၊ သိတဲ့သက်သေ အဖြစ်သုံးမျိုးထားပါတယ်။ အဲ့ဒါကြောင့် သူတို့နှစ်ဦးကို ဘယ်သက်သေထဲမှာ ပါနိုင်မလဲ ဆိုတာကို ဆွေးနွေးနေပါတယ်။ သက်သေအနေနဲ့ ထားမှာဖြစ်ပါတယ်”ဟု မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးချစ်ထူးက ပြောသည်။

အဆိုပါသက်သေနှစ်ဦးကို သက်သေအဖြစ် တင်သွင်းရေးကို ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကော့စမွေ ခရိုင်တရားရုံးမှ တရားသူကြီးနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေး အဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အမှုရင်ဆိုင်နေရသည့် မြန်မာနှစ်ဦး အာမခံရရေးအတွက် အဆိုပါအမှုအား ကူညီလိုက်ပါ ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်တို့ စီစဉ် နေကြောင်း သိရသည်။

“ကျွန်တော်သားအနေနဲ့ကတော့ သူနေတဲ့ပတ်ဝန်းကျင်မှာ အမှောင်ကျသွားပါပြီ။ ဟုတ်လို့ခံရတယ်ဆိုရင် ဘာမှငြင်းစရာ အကြောင်းမရှိပါဘူး။ အခုလိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးတဲ့ အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။ အမှန်တရား ပေါ်ပေါက်လာအောင် ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဖမ်းဆီခံထားရသူ မြန်မာ လုပ်သားတစ်ဦး၏ ဖခင် ဦးထွန်းထွန်းထိုက်က ပြောသည်။

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် အသက်(၂၄)နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာနှင့် အသက် (၂၃)နှစ်အရွယ် ဟန်နာယီသာရစ်ခ်ျတို့သည် စက်တင်ဘာလ ၁၄ရက်နေ့ ညည့်နက်သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံခဲ့ရပြီး အလောင်းများကို စက်တင်ဘာလ(၁၅)ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သူ မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း(ခ)ဖြိုးဝေတို့အား လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု၊ ပူးပေါင်း ကြံစည်မှု၊ တရားမ၀င်ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှု၊ တရားမ၀င်နေထိုင်မှုတို့ဖြင့် တရားစွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း / ဓါတ်ပုံ ။  ။ မင်းသုတ

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~