မူလဆိုင်ခန်းနေရာ ပြန်လည်ရရှိရေးအတွက် အကြိမ်ကြိမ်တောင်းဆိုလာသည့် တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးမှ (၈၆)ခုံတန်း ပျံကျဈေးသည်များသည် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကို ၂၃.၁၂.၂၀၁၄ ရက်စွဲဖြင့် တရားဝင် ခွင့်ပြုမိန့် ရရှိထားပြီဖြစ်သည့်အတွက် ဒီဇင်ဘာလ(၂၄)ရက် နံနက်(၈)နာရီအချိန်မှ စ၍ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ကြောင်း သိရသည်။
(၈၆)ခုံတန်း ပျံကျဈေးသူဈေးသားများမှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို နံနက်(၈)နာရီ အချိန်တွင် မဟာမြတ်မုနိဘုရားကြီးကျောင်းနှင့် နမ့်ယွန်းချောင်းဘေး လမ်းသွယ်တွင် စုရပ်အဖြစ် သတ်မှတ်ထားကြပြီး နံနက်(၈း၄၅)နာရီအချိန်တွင် အဆိုပါ နေရာမှ စတင်ထွက်ခွာကာ ဗိုလ်ချုပ်လမ်း အတိုင်း အမှတ်(၂) ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အနီးရှိ မြို့နယ်စည်ပင်သာယာရေး ဌာနရုံးရှေ့တွင် ရပ်တန့်၍ ခွင့်ပြုချက်ရရှိထားသည့်အတိုင်း ကြွေးကြော်ပြီး ပြန်လှည့်လာကာ မင်းခေတ်သစ် ကုမ္ပဏီရုံးရှေ့တွင် ထပ်မံကြွေးကြော်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း ဆက်လျှောက်ပြီး မူလစုရပ်သို့ ပြန်လာကာ ဆန္ဒထုတ်ဖော်မှု အစီအစဉ်ပြီး ဆုံးမှာ ဖြစ်ကြောင်း သိရသည်။
သတင်း ။ ။ ကိုဇောင်း