တာချီလိတ်မြို့နယ်အတွင်း (၂၄)နာရီ လျှပ်စစ်မီးလင်းရေးအတွက် မီးလင်းရေးကော်မတီ(တာချီလိတ်)မှ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးအား တဆင့်ဝယ်ယူကာ တာချီလိတ်မြို့ရှိ ပြည်သူများကို ပြန်လည်၍ ဖြန့်ဝေပေးလျှက်ရှိပြီး ထိုသို့ လျှပ်စစ်မီး ဖြန့်ဝေပေးမှုများနှင့် ပတ်သက်၍ သုံးစွဲသူများ အနေဖြင့် လစဉ် သုံးစွဲခ ပေးချေမှုများမှာ နှောင့်နှေးမှုများ ဖြစ်ပေါ်ပြီး သတ်မှတ်ရက်များထက် ကျော်လွန်မှ ပေးချေကြသည့်အတွက် ကော်မတီအနေဖြင့် မီတာအသုံးပြုခ ပေါင်းချုပ်ကို တစ်ဖက်သို့ ပြန်လည် ပေးသွင်းရာမှာ အခက်အခဲဖြစ်သည့် အတွက် မီတာသုံးစွဲသူ ပြည်သူများအနေဖြင့် မီတာအသုံးပြုခများကို သတ်မှတ်ရက်အတွင်း လာရောက် ဆောင်စေလိုကြောင်းနှင့် ထိုသို့ သတ်မှတ်ရက်အတွင်း မဟုတ်ဘဲ နောက်ကျမှ လာရောက် ဆောင်သူများကို ဒဏ်ကြေးကောက်ခံခြင်း နှင့် မီးဖြတ်ခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
၂၀၁၄ခုနှစ် နိုဝင်ဘာလအတွင်း အသုံးပြုခဲ့သော လျှပ်စစ်ဓါတ်အား ယူနစ်ကြွေးကျန်များနှင့် ပတ်သက်၍ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှ မီတာအသုံးပြုခ အကြွေးစာရင်းများကို ပေးဆောင်ထားခြင်း မရှိသေးသူများ အနေဖြင့် ဒီဇင်ဘာလ(၂၉)ရက် နောက်ဆုံးထား၍ မီတာအသုံးပြုခများကို လာရောက်ပေးဆောင်ရမှာဖြစ်ကြောင်း သိရသည်။
တာချီလိတ် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက" မီတာခ လာရောက်ပေးဆောင်ခြင်း မရှိသေးသူများအနေနဲ့ ဒီဇင်ဘာလ(၂၉)ရက် နောက်ဆုံးထားပြီး လာရောက်ပေးဆောင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ (၂၉)ရက်နေ့ ကျော်လွန်သွားရင်တော့ ဒီဇင်ဘာလ(၃၀)ရက်နေ့က စပြီး ဒဏ်ကြေးအဖြစ် (၂၀၀)ဘတ် ကောက်မှာပါ...."ဟု တာချီလိတ်အွန်လိုင်းမှ တဆင့် အသိပေးပြောကြားလာသည်။
ယခုဖော်ပြပါ စာရင်းများသည် မီတာအသုံးပြုခ ပေးသွင်းခြင်း မရှိသေးသူများ၏ စာရင်းများဖြစ်ပြီး အဆိုပါ စာရွက်များကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင်လည်း ပြည်သူများ သိရှိရန်အတွက် ကပ်ထားရန် ဖြန့်ဝေထားပြီးပြီ ဖြစ်ကြောင်း သိရသည်။