မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သည့် ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက် နေ့လယ်(၁၁း၄၀)နာရီ အချိန်ခန့်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုအတွင်း၌ စိတ်ကြွဆေးပြား (၁၂၀၀)ကျော်ကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိကြောင်း မူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု အပိုင်ဖြစ်သော ဟွေရဲပူးပေါင်းစစ်ဆေးရေး စခန်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ လော်မြာ မောင်းနှင်ပြီး လော်ဆု လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ လော်ဆု လွယ်ထားသော လွယ်အိတ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၇၈)ပြားကို လည်းကောင်း၊ ဆိုင်ကယ်အဲယား ကလင်ဒါအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၆၀၀)ပြား၊ စုစုပေါင်း စိတ်ကြွဆေးပြား (၆၇၈)ပြားနှင့် ၎င်းတို့ထံမှ မြန်မာငွေများနှင့် ထိုင်းဘတ်ငွေ ရောရာတို့ကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူနှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြပြီး တာချီလိတ်မြို့မ ရဲစခန်း၌ မယ(ပ)၆/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
တဆက်တည်းမှာပင် ဟွေရဲပူးပေါင်းစစ်ဆေးရေး စခန်း၌ပင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ကာလတန်ဖိုးငွေ ကျပ်(၁၅)သိန်းခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၆၀၀)ပြားကို ရှာဖွေတွေ့ရှိရသည့် အတွက် သယ်ဆောင်လာသူ လော်ပယ်အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှ စ၍ ယနေ့ (၄)ရက်နေ့အထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရရှိမှုမှာ (၇)မှုရှိခဲ့ပြီး၊ ယနေ့ တစ်ရက်တည်းတွင် (၂)မှုနှင့် ပြီးခဲ့သည့် ဇန်န၀ါရီလ(၁)ရက်နေ့က တစ်ရက်တည်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု (၄)မှုရှိခဲ့ကြောင်း တာချီလိတ်မူုးယစ်တပ်ဖွဲ့စုမှ သိရှိရသည်။