မိုင်းဖုန်းဆရာတော်၏ သက်တော် ၅၁ နှစ်မြောက် မွေးနေ့ပွဲ တိုင်းရင်းသားစုံလင်စွာဖြင့် ကြိတ်ကြိတ်တိုး

မိုင်းဖုန်းဆရာတော်၏ သက်တော် ၅၁ နှစ်မြောက် မွေးနေ့ပွဲ တိုင်းရင်းသားစုံလင်စွာဖြင့် ကြိတ်ကြိတ်တိုး
ဇန်နဝါရီ 7, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း  မိုင်းဖုန်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တဥာဏသံဝရ၏  (၅၁)နှစ်ပြည့်မွေးနေ့မင်္ဂလာပွဲကို ကျင်းပခဲ့သည်။

၂၀၁၅ ဇန်န၀ါရီလ (၅)ရက်နေ့တွင် မိုင်းဖုန်းဆရာတော်၏ (၅၁)နှစ်ပြည့်မွေးနေ့အား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အနှံ့အပြားရှိ တိုင်းရင်းသားများမှ ဆရာတော်အား ဖူးမျှော်ရန် လာရောက်ကြပြီး ရှမ်းပြည်တစ်ဝှမ်းမှ ရှမ်းတိုင်းရင်းသားများနှင့် ဒေသခံ တိုင်းရင်းသားများလည်းသွားရောက်ကြရာ စည်ကားစွာ ကျင်းပခဲ့သည်။

“ဆရာတော်ဘုရားရဲ့မွေးနေ့မှာ ဖူးမြော်နိုင်အောင်လို့ ရှမ်းပြည်မြောက်ပိုင်းက လာတာပါ”ဟု လားရှိုးမြို့မှ  မနန်းအမ်မှပြောသည်။

"ဆရာတော်ရဲ့မွေးနေ့ပွဲကို သွားတာ ဟိုလည်းရောက်ရော ခြေတစ်လှမ်း လှမ်းဖို့ကို (၅)မိနစ်ကျော်လောက်ကြာတယ်၊ အဲ့ဒီလောက်တောင် လူတွေအရမ်းများတာ.."ဟု သွားရောက်ဖူးမျှော်သူ ဒေသခံ ကိုကျော်ဝင်းနိုင်က ပြောသည်။

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ကို ၂၀၀၄ခုနှစ်ခန့်က ပိတ်ပင်ခံထားခဲ့ရပြီးနောက်  မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက်နေ့က ပြန်လည်ကြွရောက်လာခွင့်ရရှိခဲ့ပြီး တာချီလိတ်မြို့နယ်၊ ရွှေတြိဂံဒေသ၊ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းရှိ ယခင် သီတင်းသုံးတော်မူခဲ့သည့် ကျောင်းတွင် ပြန်လည် သီတင်းသုံးနေလျက်ရှိသည်။

မိုင်းဖုန်းဆရာတော်အား ပြီးခဲ့သည့် စစ်အစိုးရမှ ရှမ်းခေါင်းဆောင် လက်နက်ကိုင်များကို စည်းရုံးရေး တရားဟောခြင်း၊ ပြည်ထောင်စုမှ ခွဲထွက်ရေး တရားဟောခြင်း စသည့် စွပ်စွဲမှုများဖြင့် ထိုင်းနိုင်ငံသို့ ခေတ္တ ရှောင်တိမ်းကြွချီရာမှ ဆရာတော်အား မိုင်းဖုန်းရွှေတြိဂံဒေသဘက်သို့ ပြန်လည် ပင့်ဆောင် ကိုးကွယ်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှ ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ အဆိုတင်သွင်းရာ သာသနာရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ကန့်ကွက်ရန် မရှိကြောင်း ဖြေကြားခဲ့တာကြောင့် ပြည်နယ်အစိုးရအဖွဲ့မှ (၈.၂.၂၀၁၃)ရက် နေ့စွဲပါ စာအမှတ်၊(၁၄၂၁)/ ၅ -၁၃၃/ အစရ(ရှမ်း)၏ ခွင့်ပြုသဘောတူညီချက်ကြောင့် (၁၂.၆.၂၀၀၄)ရက်နေ့က ရေးထိုးခဲ့သော  ကိစ္စကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က တာချီလိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်ခြင်းကြောင့်ဆရာတော်အား ပြန်လည်ပင့်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့မှသိရသည်။

“ဆရာတော်က (၄)ရက်နေ့ကနေ (၅)ရက်နေ့အထိ တရားဟောတယ် (၅)ရက်နေ့ညပိုင်းကစပြီးတော့မှ မွေးနေ့အချိန်အခါမှာ စကားမပြောဘဲ ၀စီပိတ်ကျင့်တယ် (၆)ရက်နေ့မှ စကားပြန်ပြောတာ”ဟု ဒေသခံ ကိုမြခိုင်မှပြောသည်။

ဆရာတော်၏ မွေးနေ့ပွဲအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၁)ရက်နေ့မှ (၅)ရက်နေ့အထိကျင်းပခဲ့ရာ ပွဲတော်သို့ လာရောက်သော ဧည့်ပရိသတ်များမှာ သောင်းနဲ့ချီရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်အနှံ့အပြားမှ အထင်ကရ ရှမ်းဆရာတော်ဘုရားများ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သတင်း။ ။ ကိုဇောင်း၊ အိမ့်ကြယ်ဖြူ
ဓါတ်ပုံ ။ ။ ရှမ်းလေး

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~