ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ တာချီလိတ် လေဆိပ်ကြား နှင့် ဟောင်လိတ် သစ်တော ပျိုးဥယျာဉ်ကြားရှိ မြေကွက်လပ်တစ်ခုတွင် ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၇)ရက် ည(၇း၃၀)နာရီ ၀န်းကျင်အချိန်က အမှိုက်ပုံမှတဆင့် မီးလန့်မှုတစ်ခု ဖြစ်ပွားသည်။
မီးလန့်မှုဖြစ်ပွားသော နေရာသည် တာချီလိတ်မြို့နယ် ဆေခမ်းရပ်ကွက်ရှိ တာချီလိတ် လေဆိပ် အနီး နှင့် ဟောင်လိတ် သစ်တော ပျိုးဥယျာဉ်ကြားရှိ မြေနေရာ၌ ဖြစ်ပြီး ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းထားကာ စုပုံထားသော နေရာကို အမည်မသိသူ တစ်စုံတစ်ယောက်၏ ရှို့မှုကြောင့် မီးလန့်မှုဖြစ်ပြီး တမြေ့မြေ့ လောင်ကျွမ်းကာ မီးတောက်များ ဖြစ်ပေါ်လာသည့်အတွက် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ တာချီလိတ်လေဆိပ်မှ လေဆိပ်တာဝန်ခံအရာရှိ ဦးမိုးသူရတင် နှင့် လေဆိပ်မှ တာဝန်ရှိ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် တာချီလိတ်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် နှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ အပြင် အနီးအနားရှိ ပြည်သူများဖြင့် စုပေါင်း၍ ၀ိုင်းဝန်းငြိမ်းသတ်ရာ မီးလန့်မှုမှာ (၈း၄၅)နာရီခန့်တွင် ငြိမ်းသွားခဲ့သည်။
"မီးလောင်တာကတော့ ည(၇)နာရီခွဲလောက်က လောင်နေတာလို့ သိရပါတယ်၊ ည(၈)နာရီ မိနစ်(၂၀)လောက်မှာ မီးတောက်ကြီးလာလို့ လေဆိပ်က မီးသတ်ကားနဲ့ ငြိမ်းသတ်ခဲ့ကြပြီး ဆက်လက်ပြီးတော့ မြို့နယ်မီးသတ်ကားနဲ့ လုံးဝငြိမ်းသွားတဲ့အထိ ငြိမ်းသတ်ခဲ့ကြပါတယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ ပြောသည်။
"မီးကို ၀ိုင်းပြီး အချိန်မီငြိမ်းသတ်နိုင်လိုက်တာ တော်သေးတယ်၊ မီးက တစ်ဖက်ကို ကူးသွားရင်တော့ ထိန်းနိုင်ဖို့ ခက်သွားနိုင်တယ်"ဟု လေဆိပ်အနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ယခုလို မီးလန့်မှုနှင့် ပတ်သက်၍ မြေနေရာအလွတ်တွင် ခုတ်ထွင်ရှင်းလင်းထားသော ချုံနွယ်များသာ လောင်တာဖြစ်သည့် အတွက် ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် အမှိုက်ပုံအား မီးစတင်ရှို့သွားသူကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အတွက် စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရရှိသည်။
ပုံများကိုကြည့်ရန်