တာချီလိတ်မြို့ပေါ် ဟိုတယ်များတွင် မူးယစ်ဆေးဝါး နှင့် ဒုစရိုက်မှုများ ကာကွယ်နိုင်ရေး အသိပညာပေး

တာချီလိတ်မြို့ပေါ် ဟိုတယ်များတွင် မူးယစ်ဆေးဝါး နှင့် ဒုစရိုက်မှုများ ကာကွယ်နိုင်ရေး အသိပညာပေး
ဇန်နဝါရီ 8, 2015
By Tachileik News Agency

နယ်စပ်ဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ပေါ် အတွင်းရှိ ဟိုတယ်များမှ တဆင့် ဒုစရိုက်မှု မဖြစ်ပွားစေရေးနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များနှင့် ပတ်သက်၍ မပတ်သက်စေရေး အပြင် လူကုန်ကူးမှုများ မဖြစ်ပွားစေရေး အတွက် ဇန်န၀ါရီလ (၇)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များမှ တာချီလိတ်မြို့ အလူရာဟိုတယ်တွင် မြို့ပေါ် ဟိုတယ် ပိုင်ရှင်များနှင့် မန်နေဂျာများအား တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၊ ဒုတိယဥက္ကဌ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းထွန်းက တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်ပိုင်ရှင်များနှင့် မန်နေဂျာများအား တွေ့ဆုံပြီး ယခုလို အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးသန်းရွှေမှ တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်များ အနေဖြင့် မူးယစ်ဆေးဝါး ကိစ္စရပ်များနှင့် ပတ်သက်မှု မရှိစေရေး၊ ဟိုတယ်များတွင် CCTV များ တပ်ဆင်ပြီး စနစ်တကျ စောင့်ကြည့်ရေး၊ ကာလကြာရှည် တည်းခိုသူများအား လည်းကောင်း၊ ခေတ္တတည်းခိုသူများအား လည်းကောင်း၊ တည်းခိုသူများ၏ ကိုယ်ရေး အချက်အလက်များအား ဧည့်မှတ်တမ်းတွင် စနစ်တကျ မှတ်တမ်းထားရှိရေး ဟိုတယ်သန့်ရှင်းရေး ၀န်ထမ်းများ အနေဖြင့် တည်းခိုသူ၏ အခန်းများအား နေ့စဉ် သန့်ရှင်းရေး ပြုလုပ်စဉ် အခန်းအတွင်း မသင်္ကာဖွယ်တွေ့ရှိပါက မန်နေဂျာထံ သတင်းပေးပို့ရန်နှင့် ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာများမှလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ သတင်းပေးနိုင်ရေးတို့အား အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊ တပ်စိတ်(၁)တာချီလိတ်၊ တာဝန်ခံ ဒုရဲမှူးရင်ရင်အေး မှ လူကုန်ကူးခံရသည့် အကြောင်းများ၊ လူကုန်ကူးမှု ကျူးလွန်ပါက ကြီးလေးသော ပြစ်ဒဏ်ကို ခံရသည့် အကြောင်းအရာများကို ဖြစ်စဉ်နှင့်တကွ ရှင်းလင်း ဆွေးနွေးသည်။

တဆက်တည်းမှာပင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဥာဏ်မြတ်မင်း မှ ဟိုတယ် နှင့် သက်ဆိုင်သည့် လုပ်ငန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားရာ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ဟိုတယ်ပိုင်ရှင် နှင့် မန်နေဂျာ (၄၀)ခန့် တက်ရောက်၍ လေ့လာမှတ်သားကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~