ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ လေဆိပ်တွင် ၂၀၁၅ ဇန်န၀ါရီလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းက အကြောင်းပြချက်မရှိဘဲ ခရီးသည်များအား (၄၅)မိနစ်ခန့် ခေတ္တနားနေခန်းတွင် နေခဲ့ကြရကြောင်း သိရသည်။
မန္တလေးမှ တာချီလိတ်သို့ ပျံသန်းသော မြန်မာအမျိုးသားများပိုင် လေကြောင်းဖြစ်သည့် Sun Far လေကြောင်းလိုင်း လေယာဉ် ခရီးစဉ် SP 254 တွင် လိုက်ပါစီးနင်းလာသော ခရီးသည်(၂၂)ဦးအား လားရှိုးလေယာဉ်ကွင်းသို့ ရောက်ရှိချိန် (၁၂း၅၈)မိနစ်ခန့်တွင် ခရီးသည်များအား လေယာဉ်ပေါ်မှ ဆင်းစေခဲ့ပြီး လေဆိပ်ခတ္တနားနေခန်းအတွင်း မည်သည့်အကြောင်းပြချက်မှ မပေးသလို မေးမြန်းသော်လည်း ဖြေကြားလာခြင်းမရှိဘဲ နေခဲ့ရပြီး အချိန်(၄၅)မိနစ်ကျော်လွန်သည့် နေ့လယ် (၁)နာရီ(၄၅)မိနစ်ခန့်တွင် လေယာဉ်ပေါ်သို့ ပြန်လည်တက် ရောက်စေခဲ့ကြောင်း လေယာဉ်တွင် စီးနင်းလိုက်ပါလာသူ တစ်ဦးထံမှ သိရသည်။
“ကျွန်မတို့ကို အကြောင်းပြချက် ဘာတစ်ခုမှ မပေးဘဲ လေဆိပ်ထဲမှ ထိုင်နေခိုင်းတယ် ထမင်းစားချိန်လဲ ဘာမှမစားရဘူး တာဝန်ရှိသူတွေကို မေးတော့လဲ ဘာမှပြန်မဖြေဘူး”ဟု တာချီလိတ်သို့ လေယာဉ်စီးနင်း လိုက်ပါလာသူ မသန္တာမှပြောသည်။
ဇန်န၀ါရီလ (၁၁)ရက် နေ့လည်ပိုင်းတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီမှာ လားရှိုးလေဆိပ်တွင် အေးရှားဝင်းလေယာဉ်ဖြင့် လိုက်ပါလာခြင်းကြောင့် ခရီးသည်များအား လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်လှောင်ထားခြင်းဖြစ်နိုင်ကြောင်း ၎င်းမှပြောသည်။
“ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ရောက်ချိန်မှာ ကျွန်မတို့ လူအခွင့်အရေး ချိုးဖောက် ခံလိုက်ရတာဘဲ”ဟု ခရီးသည် မနောမိက ပြောသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီး၏ ဒုတိယ အကြိမ်မြောက် ဇန်န၀ါရီလ (၈)ရက်နေ့ ရခိုင်ပြည်နယ် ခရီးစဉ်၌ စစ်တွေဒေသခံများက ၎င်း၏ ရခိုင်ခရီးစဉ်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သတင်း ။ ။ ဇက်(Z)
ဓါတ်ပုံ ။ ။ မသန္တာ