ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဇန်းမွန် (အာခါ)ဟိုတယ်တွင် ဇန်န၀ါရီလ (၁၁)ရက် နံနက်ပိုင်းက ဟိုတယ်လုပ်ငန်းရှင်များအား ဒုတိယအကြိမ်အဖြစ် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှု၏ အဖွင့်တွင် “မြန်မာမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သတ်ပြီး မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ နည်းနာနိဿယ (၃)ရပ်ချမှတ်ပြီး ဘက်ပေါင်းစုံမှ ဆောင်ရွက် လျှက်ရှိပါတယ်”ဟု တာချီလိတ် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၊ အတွင်းရေးမှူး တာချီလိတ်ခရိုင် ဒုတိယခရိုင်မှူး ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်မှ ပြောသည်။
တာချီလိတ်တွင် ဟိုတယ်/မိုတယ် စုစုပေါင်း (၂၅)ခုရှိကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှာ မူးယစ်ဆေးဝါး သုံးစွဲ/ဖြန့်ဖြူး/ရောင်းချသူတို့သည် ဟိုတယ်/တည်းခိုခန်းများတွင် ကာလကြာရှည်စွာ တည်းခိုနေထိုင်ပြီး ဟိုတယ်/တည်းခိုခန်းရှိ ၀န်ထမ်းများနှင့် ပူးပေါင်း၍ လက်လီ/လက်ကား ရောင်းပေးနေကြောင်း၊ ဟိုတယ် ၀န်ထမ်းများမှ ရောင်းဝယ်များအား ချိတ်ဆက်ပေးခြင်း ရောင်းချသည့် နေရာတွင် ပါဝင်ပတ်သက်ခြင်းများအား ဟိုတယ်/တည်းခိုခန်း ပိုင်ရှင်များနှင့် မန်နေဂျာများအနေဖြင့် စောင့်ကြည့်သွားရန် လိုအပ်ကြောင်းကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ဒုရဲမှူး သန်းရွှေပြောကြားသည်။
“တာချီလိတ်မှာ ဟိုတယ်/တည်းခိုခန်းတွေမှာ လူကုန်ကူးမှု ဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိပါတယ်၊ လူကုန်ကူး မှုကျူးလွန်ရင် ပြစ်ဒဏ်တော့ခံရမှာဘဲ”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်စိတ်(၁) တာချီလိတ်၊ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး ရင်ရင်အေးပြောသည်။
ဟိုတယ်/တည်းခိုခန်းများ အနေဖြင့် တာဝန်ရှိသူတွေနှင့် ပူးပေါင်းပြီး ဒုစရိုက်မှုများ ကင်းရှင်အောင် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်လွင်မှ ပြောသည်။
အသိပညာပေး ဟောပြောပွဲတွင် တာချီလိတ်၌ ဟိုတယ်/မိုတယ် စုစုပေါင်း (၂၅)ခုရှိပြီး တည်းခိုခန်းများမှာ အများအပြားရှိပြီး နယ်စပ်မြို့ဖြစ်သည့် အတွက် ခရီးသွားလာရေး ပိုမိုများပြားလာရာ တည်းခိုခန်းများလည်း များပြား လာကြောင်း၊ နယ်စပ်လူဝင် လူထွက်များပြားခြင်းကြောင့် ဒုစရိုက်မှုများ ပိုမိုများပြားလာကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူး ရောင်းချသူများနှင့် ၀ယ်ယူသူများသည် ဟိုတယ်/တည်းခိုခန်းတွင် အချိတ် အဆက်ပြုလုပ်ကာ ဒုစရိုက်မှုများ ကျူးလွန်လေ့ရှိကြောင်းကို အဓိကထား ဆွေးနွေး ဟောပြော ခဲ့ကြကြောင်း နှင့် အဆိုပါ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ဟိုတယ်/ တည်းခိုခန်း ပိုင်ရှင်များနှင့် မန်နေဂျာ/၀န်ထမ်းများ၊ ဌာနဆိုင်ရာများ စုစုပေါင်း(၅၁)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။