ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် နှင့် တာလေမြို့အကြားရှိ တောင်သုံးလုံး (လယ်)ကျေးရွာတွင် ရာသီထွက်သီးနှံစုံများကို လတ်လတ်ဆတ်ဆတ် နှင့် ဈေးနှုန်းချိုသာစွာ ရောင်းချနေကြသည့် အတွက် ခရီးသွား ဟန်လွဲ ခရီးသည်များအတွက် အကြိုက်တွေ့လျက်ရှိပြီး ယာဉ်တစ်ခေါက်တစ်ခါ ရပ်နား၍ ၀ယ်ယူနေလျက်ရှိကြောင်း သိရသည်။
တောင်သုံးလုံး(လယ်)ရွာသည် ယခင်က လမ်းဘေး နေအိမ် အနည်းငယ်သာရှိသော်လည်း ယခုအခါ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းနှင့် မိုင်းဖြတ်ဒေသများမှ အာခါတိုင်းရင်းသားများ ရွှေ့ပြောင်း လာခြင်းကြောင့် အိမ်ခြေ(၄၀)ကျော်ခန့်ရှိပြီး အဓိက အာခါတိုင်းရင်းသားများသာဖြစ်ကာ ရာသီစုံသီးနှံများအဖြစ် မုန်ညှင်း၊ ဂေါ်ဖီ၊ ကျောက်ဖရုံ၊ ငှက်ပျော၊ ဖရုံသီး၊ ဖရုံညွှန့်စသည်ဖြင့် အမျိုးအစား စုံလင်စွာ ရောင်းချကာ လယ်ယာစိုက်ပျိုးရေးအား အဓိကထား လုပ်ကိုင်ကြောင်း ရွာသူရွာသားများထံမှ သိရသည်။
“ကျွန်မ ဒီလမ်းကဖြတ်သွားတိုင်း ကားရပ်ပြီး အမြဲဝယ်တယ် ဒီလမ်းက တာချီလိတ်-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ်မှာလေ ဒီမှာ ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေ လတ်ဆတ်တယ်၊ ဈေးလဲချိုတယ် ဒါကြောင့်ဝယ်ဖြစ်တာ..”ဟု ဈေးဝယ်သူ မအေးသန္တာကျော်မှ ပြောသည်။
တောင်သုံးလုံး(လယ်)ကျေးရွာအတွင်း ထွက်ကုန် ရာသီစုံသီးနှံများအား အဓိက အားဖြင့် တာချီလိတ် - ကျိုင်းတုံ ခရီးသွားသူများအား ရောင်းချခြင်းဖြစ်ပြီး တာချီလိတ်မြို့ပေါ်သို့လဲ ပို့ဆောင်ရောင်းချကြောင်း၊ ကျေးရွာ၏ အဓိက စီးပွားရေးလုပ်ငန်းမှာ သီးနှံစိုက်ပျိုး ရောင်းချခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းသာ ဖြစ်ကြောင်း ရွာသူရွာသားများထံမှ သိရသည်။
"ဒီနေရာမှာ အရင်က တစ်ထိုင်စာလေးတွေဘဲရှိတာ၊ အခုမှ တဲလေးထဲ ပေါင်းပြီး ရောင်းသလိုမျိုးဆိုတော့ စည်းလုံးခြင်း တစ်မျိုးပါဘဲ၊ မြို့ပေါ်က ဟင်းသီးဟင်းရွက်တွေထက် သိပ်လတ်ဆတ်တယ်၊ ဈေးလည်း ချိုတော့ ကျွန်တော်တို့ မိသားစုလည်း မိုင်းဖြတ်က အပြန် ၀င်ဝယ်ဖြစ်တယ်၊ အာခါတိုင်းရင်းသားတွေက ရောင်းတာဆိုတော့ မြန်မာစကား သိပ်မပေါက်ပေမဲ့ ဘာဖြစ်ဖြစ် ဈေးဝယ်ရတာတော့ အဆင်ပြေပါတယ်.."ဟု ဒေသခံ ဦးထွန်းလှ ကလည်း ပြောသည်။
တာချီလိတ်ခရိုင်အတွင်း ရှမ်းပြည်နယ် အနှံ့အပြားနှင့် မြန်မာနိုင်ငံ အတွင်းပိုင်းမှ တိုင်းရင်းသားများနှင့် လူမျိုးစုံလင်စွာ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေး ကောင်းမွန်ခြင်း တို့ကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်မှုများရှိလာရာ မြို့လူဦးရေမှာ ဆယ်စုနှစ်တစ်ခုအတွင်း အဆပေါင်းများစွာ ထိုးတက်လာကြောင်း မြို့ခံ အသိုင်းအ၀ိုင်းမှ သိရသည်။