ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ စိုက်ပျိုးထားသော လယ်များမှ အထွက်နှုန်းထက်ဝက်ခန့် ကျဆင်းကြောင်းသိရသည်။
“၂၀၁၄ ခုနှစ် စပါးထွက်ချိန်မှာ ပိုးကျလို့ အထွက်နှုန်း မကောင်းဘူး အရင်က တစ်ဧကကို တင်း (၈၀)လောက် ထွက်တယ်၊ အခု တင်း (၄၀)ဘဲ ထွက်တယ် သူများဒေသမှာ မိုးများလို့ ရေကြီးလို့နဲ့ ကျွန်တော်တို့ ဆီမှာ မြေသြဇာလဲ မနိုင်ဘူး ပိုးသတ်ဆေးလဲ မနိုင်ဘူး”ဟု လယ်စိုက်ပျိုးသူ စိုင်းခမ်းနွဲ့မှ ပြောသည်။
တာလေမြို့အတွင်း ထွက်ရှိသော စပါးများအား တစ်ချို့တစ်ဝက်အား ဒေသအတွင်း ပြန်လည် စားသုံးခြင်းနှင့် တာချီလိတ်မြို့သို့ အများဆုံး တင်သွင်းရခြင်းဖြစ်ကာ တာလေမြို့တွင် စပါးအ၀ယ် ဒိုင်မရှိသည့် အတွက် ပေါက်ဈေး ပုံမှန်မရှိကြောင်း၊ စပါးလာဝယ်သူများပေးသော ဈေးအတိုင်းရောင်းချရပြီး တောင်သူများမှ အ၀ယ်ဒိုင်အဖြစ် တာလေမြို့တွင် ရှိစေချင်ကြောင်း၊ တာလေမြို့တွင် စပါးစိုက်ဧက များခြင်းကြောင့် ၎င်းတို့အနေနှင့် ဆန်ကုန်သည်ကြီးများ အသင်း ကဲ့သို့ ထွက်ရှိသော စပါးများအား ပေါက်ဈေးအတိုင်း ပုံမှန်ဝယ်ယူသော အ၀ယ်ဒိုင်လိုအပ်ကြောင်း တာလေမြို့၊ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်လတ် ပြောသည်။
“တာလေမြို့အတွင်း လယ်စိုက်ဧကမှာ (၅၂၆၁)ဧက၊ တောင်ယာစိုက်ဧကမှာ (၇၀၅)ဧကနှင့် ယာ(၁၅၈)ရှိကြောင်း မိုးစပါးပျမ်းမျှ အထွက်နှုန်းမှာ (၈၂.၂၇)တင်းရှိကြောင်း အထွက်နှုန်းများမှာ လယ်၊ တောင်ယာနှင့် ယာတို့၏ ပုံမှန် အထွက်နှုန်းမှာ တူညီခြင်းမရှိကြောင်း” တာလေမြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးလှမိုးထွေး ပြောသည်။
တာချီလိတ်ခရိုင်အတွင်း စပါးဈေးမှာ (၁)တင်းလျှင် ထိုင်းဘတ်ငွေ(၁၅၄)ဘတ်ဈေးရှိပြီး ယခင်နှစ်ဈေးနှင့် ကွာခြားမှုရှိကြောင်း တာချီလိတ်ဒေသတွင် စပါးချိန်တွယ်မှုစနစ်မှာ ခြောက်သွေ့သော စပါးများအား ကီလိုဖြင့် ချိန်တွယ်ရောင်းချပြီး ကီလိုလိုက်ရောင်းချမှုများလဲရှိကြောင်း ယခုပေါက်ဈေး တစ်ကီလို(၇)ဘတ် ရှိကြောင်း လယ်စိုက်ပျိုး တောင်သူများ အသိုင်းအ၀ိုင်းမှသိရသည်။
တာလေမြို့သည် တာချီလိတ်ခရိုင်အတွင်းတည်ရှိပြီး အရှေ့မြောက်ဘက်တွင် တရုတ်နှင့် လောနိုင်ငံတို့နှင့် ထိစပ်ကာ မြောက်ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် စပ်လျှက်ရှိကြောင်း၊ တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်သော ဒေသဖြစ်ခြင်းကြောင့် ဒေသခံ တိုင်းရင်းသားအများစုမှာ အဓိက လယ်ယာ စိုက်ပျိုးခြင်းသာ လုပ်ကိုင်ကြောင်းနှင့် တာလေမြို့အတွင်း၌သာ စားသောက်ကုန်နှင့် ကုန်မျိုးစုံ ရောင်းဝယ်သော လုပ်ငန်းများရှိကြောင်း သိရသည်။