တာချီလိတ်၌ ၀က်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ရေး အစုလိုက် ဆေးထိုးလုပ်ငန်းအတွက် အသိပေးရှင်းလင်း

တာချီလိတ်၌ ၀က်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ရေး အစုလိုက် ဆေးထိုးလုပ်ငန်းအတွက် အသိပေးရှင်းလင်း
ဇန်နဝါရီ 15, 2015
By Tachileik News Agency

ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ပပျောက်ရေး ကိစ္စများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁၅) ရက် နံနက်ပိုင်းက အသိပညာပေး ဟောပြောသည့် အခမ်းအနားကို ကျင်းပပြုလုပ်သည်။

ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်း၏ ရှင်းလင်းပြောပြချက်အရ ၀က်သက်ရောဂါသည် ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားကာ အလွန်ကူးစက်မြန်သော ရောဂါတစ်မျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဆိုလျှင် ၀က်သက် ကပ်ရောဂါအသွင်အဖြစ် ၂၀၁၁ ခုနှစ်မှစ၍ (၃၄)ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၂ခုနှစ် မတ်လတွင် အစုလိုက် ၀က်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ရောဂါ ကူးစက်မူကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အသက် (၁၈)နှစ်မှ (၂၀)ခန့်အထိ ၀က်သက်ရောဂါ ကပ်အသွင်အဖြစ် (၁၅)ကြိမ်ဖြစ်ပွားခဲ့ပြီင်္း တချို့မြန်မာနိုင်ငံ နယ်စပ်မှာ ကာကွယ်ဆေးထိုးနှံမှု အားနည်းခဲ့ခြင်းကြောင့် သေဆုံးတဲ့အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လူတိုင်း အသက်ရှည်စွာ နေထိုင်နိုင်ရေးနဲ့ ရောဂါဘယ ကင်းစင်ရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျန်းမာရေး ဆိုင်ရာ မဟာဗျူဟာတွေချမှတ် အကောင်အထည်ဖေါ်မှုမှာ ကလေးသူငယ်တွေ ရောဂါကင်းစင်ပြီး ပျော်ရွှင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ဖို့ ကာကွယ်ဆေးထိုးလုပ်ငန်း လုပ်ကိုင်ရာမှာ အဆင်ပြေလွယ်ကူအောင်
အုပ်ချုပ်မှု ကဏ္ဍကနေ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများလည်း ပါဝင်လာနိုင်ရေးအတွက် အသိပေးသွားပါမယ်..”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

 

၂၀၁၄ ခုနှစ်၌ တာချီလိတ်မြို့နယ်တွင် ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးမှူး အဆင့်(၁) ဦးခင်မောင်ကျော်က "ဆေးရုံမှာ ဆိုရင် မွေးကင်းစ ကလေးငယ်များကို (၁)လ ခြားကာ ပထမ တစ်ကြိမ် ထိုးပေးပြီး ဒုတိယတစ်ကြိမ်ကို အသက် (၁)နှစ်ခွဲ တစ်ကြိမ် ထိုးပေးပါတယ်။ပထမအကြိမ်တုန်းက ကာကွယ်ဆေးကို (၂၂၀၈)ဦးကို ထိုးပေးနိုင်ပြီးတော့ ဒုတိယ တစ်ခေါက်မှာဆိုရင် (၁၉၅၅)ဦးကို ထိုးပေးနိုင်ခဲ့ပါတယ်"ဟု ရှင်းပြသည်။

ကာကွယ်ဆေးထိုးမှုနှင့် ပတ်သက်ပြီး လာမည့် ဇန်န၀ါရီလ (၁၉) ရက် တနင်္လာနေ့တွင် တာချီလိတ်မြို့ပေါ်ရှိ ကျောင်း(၄)ကျောင်းတို့တွင် ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများက ဒေသအတွင်း ၀က်သက်ရောဂါ ကင်းစင်ရေးရရှိစေရန် အတွက် "ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ (၂၀၂၀)ခုနှစ်၌ ၀က်သက်ရောဂါ ကင်းစင်ရေး" ရည်မှန်းချက် ရရှိ အောင်မြင်ရန် ဦးတည်လျက်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

သတင်း ။  ။ ဇောင်းညီ

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~